Homeပြည်တွင်းသတင်းမုတ်သုံလေအား အလွန်ကောင်းနေ၍ ပြည်တွင်းလေကြောင်းနှင့် ရေကြောင်းခရီးသွားများ သတိထားရန်လို

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပြည်တွင်းလေကြောင်းနှင့် ရေကြောင်းခရီးသွားများ သတိထားရန်လို

၃ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံတစ်ဝန်း မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် ဇူလိုင် ၄ ရက်ကနေ ၁၁ ရက်အတွင်း ဒေသအများအပြားမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တချို့မှာ အချိန်ပြောင်းလဲတာ၊ နှောင့်နှေးတာတွေ ဖြစ်လာနိုင်တာကြောင့် ခရီးသွားမယ့်သူတွေအနေနဲ့ မိမိစီးနင်းမယ့် လေကြောင်းလိုင်းတွေရဲ့ အသိပေးချက်တွေကို ကြိုတင်စစ်ဆေးထားသင့်တယ်လို့ ဆိုပါတယ်။

အလားတူ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ရေကြောင်းသွားလာမယ့်သူတွေအနေနဲ့လည်း ရာသီဥတုအခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ အကြံပြုထားပါတယ်။

ဒီကာလအတွင်း မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်း ရံဖန်ရံခါ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေကနေ ၁၁ ပေအထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ ရှိလာနိုင်တာကြောင့် ရေကြောင်းသွားလာရေးလုပ်ငန်းတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဆက်စပ် သတင်းများ

Most Read