Homeနိုင်ငံတကာသတင်းမြန်မာဘက်ခြမ်း တိုက်ပွဲဖြစ်လာနိုင်မှုကြောင့် မဲဆောက်နယ်စပ်ရှိ စာသင်ကျောင်း ယာယီပိတ်

မြန်မာဘက်ခြမ်း တိုက်ပွဲဖြစ်လာနိုင်မှုကြောင့် မဲဆောက်နယ်စပ်ရှိ စာသင်ကျောင်း ယာယီပိတ်

၂၂ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ နယ်စပ်စာသင်ကျောင်းတစ်ကျောင်းဟာ မြန်မာဘက်ခြမ်းမှာ စစ်အုပ်စုတပ်နဲ့ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ လုံခြုံရေးသတင်းတွေကြောင့် ကျောင်းသားနဲ့ ဆရာတွေရဲ့ ဘေးကင်းရေးအတွက် ဒီကနေ့ ဇွန်လ ၂၂ ရက်မှာ ယာယီပိတ်လိုက်ပါတယ်။

မဟာဝမ်ကျေးရွာအုပ်စုရှိ ဘန်မယ်ကွန်ကင်ကျောင်းရဲ့ ကျောင်းအုပ် သဝတ်ချိုင်း ဆဲင်ပလဲင်က မြဝတီမြို့နယ်အတွင်းရှိ စစ်အုပ်စုရဲ့ စစ်ဆင်ရေးစခန်းတခုကို တပ်ဖွဲ့ဝင် ၂၀၀ ခန့် ထပ်မံပို့ဆောင်ထားတယ်ဆိုတဲ့ သတင်းရရှိပြီးနောက် ကျောင်းကို တစ်ရက်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီစစ်ကူတပ်ဖွဲ့တွေဟာ မဟာဝမ်ကျေးရွာအုပ်စု၊ အမှတ် ၉ ကျေးရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း လေးကေ့ကော်အနီး ဖလူးကျေးရွာတစ်ဝိုက်ရှိ ကရင်တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ ထိုင်းဒေသခံသတင်းရင်းမြစ်တွေက ယူဆထားပါတယ်။

စာသင်နှစ်သစ်ကို မကြာသေးခင်ကမှ ပြန်လည်ဖွင့်လှစ်ထားပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် နယ်စပ်အနီးရှိ ကျောင်းသားနဲ့ ဆရာတွေရဲ့ လုံခြုံရေး ထိခိုက်နိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းပိတ်လိုက်တာ ဖြစ်ပါတယ်။

နယ်စပ်အခြေအနေ လုံခြုံတယ်လို့ သတ်မှတ်နိုင်ရင် ဇွန်လ ၂၃ ရက်မှာ စာသင်ကြားမှုတွေ ပြန်လည်စတင်မှာဖြစ်ပြီး ပျက်ကွက်သွားတဲ့ သင်ခန်းစာတွေအတွက် အစားထိုးသင်ကြားမယ့် အစီအစဉ်ကို နောက်ပိုင်းမှာ ကြေညာမယ်လို့ ကျောင်းဘက်က ပြောပါတယ်။

ဒီလအစောပိုင်းကလည်း မြန်မာဘက်ခြမ်း တိုက်ပွဲတွေအတွင်း လမ်းလွဲကျည်တွေ ထိုင်းဘက်ကို ကျရောက်လာပြီး ကျောင်းဆောင်ပြတင်းပေါက်တွေ ထိမှန်ပျက်စီးခဲ့သလို လူထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျောင်းဝင်းအတွင်း ပစ်ခတ်ပြီးသား ကျည်ခွံအရွယ်အစားမျိုးစုံကိုလည်း တွေ့ရှိခဲ့ပြီး အန္တရာယ်ရှိနိုင်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို ထိုင်းအာဏာပိုင်တွေက ဖယ်ရှားကာ လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်၊ ထာဆဲမြို့နယ်နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာလည်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းပို့ထားပါတယ်။

စစ်အုပ်စုရဲ့ လေယာဉ်တစ်စင်းက ထိုင်းနယ်စပ်စောင့်ကြည့်ရေးစခန်းနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ရှိ ကော်သူးလေတပ်မတော် KTLA စခန်းတစ်ခုကို ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ လက်ရှိအချိန်အထိ မသိရသေးဘဲ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက နယ်စပ်အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။

မဲဆောက်နဲ့ ထာဆဲအပါအဝင် ထိုင်း–မြန်မာနယ်စပ်တစ်လျှောက်မှာ မြန်မာဘက်ခြမ်း တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လမ်းလွဲကျည်ကျရောက်မှုတွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် ထိုင်းဘက်က စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ နယ်စပ်စောင့်ကြည့်ရေးစခန်းတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

ဆက်စပ် သတင်းများ

Most Read