Homeပြည်တွင်းသတင်းမြဝတီမြို့တွင် နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားရာက ၉ လအရွယ် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံး၊ သက်ကြီးပိုင်းတဦး ထိခိုက်ဒဏ်ရာရ

မြဝတီမြို့တွင် နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားရာက ၉ လအရွယ် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံး၊ သက်ကြီးပိုင်းတဦး ထိခိုက်ဒဏ်ရာရ

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ နေအိမ်တလုံး မီးလောင်မှုဖြစ်ပွားရာက ၉ လအရွယ် ကလေးငယ်တဦးအပါအဝင် လူ ၂ ဦးသေဆုံးခဲ့ပြီး သက်ကြီးပိုင်းအမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီမီးလောင်မှုဟာ ဒီကနေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီခွဲကျော်အချိန်မှာ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ခေါက်မလိလမ်းရှိ နေအိမ်တလုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မီးလောင်မှုကြောင့် အသက် ၉ လအရွယ် ကလေးငယ်တဦးနဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့သလို အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတဦးလည်း လက်မောင်းနဲ့ ကျောပြင်တို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး မြဝတီပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ ဒေသခံတဦးက New Day Myanmar ကို ပြောပါတယ်။

မီးလောင်ခဲ့တဲ့ နေအိမ်ဟာ ဘာကြောင့် မီးလောင်ကျွမ်းခဲ့တယ်ဆိုတာကို မြို့နယ်မီးသတ်ဦးစီးဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက် မြဝတီမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၄ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၄ နာရီအချိန်မှာ မီးကို ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ အသိပေးချက်အရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most Read