၁၅ ဇွန် ၂၀၂၆ | New Day Myanmar
မကွေးတိုင်း၊ ဆောမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရရာကနေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် အရေးပေါ်ပြန်လည်ဖမ်းဆီးနိုင်ရေး ရှာဖွေနေတယ်လို့ ယောအလင်းတန်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မင်းမင်းစိုးဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့တယ်ဆိုပြီး ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် NUG တရားရုံးမှာ ငါးလကျော်ကြာ အမှုစစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့တာ တစ်ပတ်ကျော်ရှိနေပြီလို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
လက်ရှိမှာ မင်းမင်းစိုးကို အမြန်ဆုံးပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံရှာဖွေနေပြီး၊ ပြည်သူတွေအနေနဲ့လည်း သူ့ကို တွေ့ရှိပါက သို့မဟုတ် သတင်းအစအနရရှိပါက သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြဖို့ တောင်းဆိုထားပါတယ်။
ပုံစာ – ထွက်ပြေးလွတ်မြောက်နေသည့် သေဒဏ်ချမှတ်ခံထားရသူ မင်းမင်းစိုး
ဓာတ်ပုံ – ယောအလင်းတန်း


