၂၅ မေ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စု မန်နင်ကျေးရွာမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး လူကုန်ကူးခံရမှုမှ လွတ်မြောက်လာခဲ့ပြီး ကျေးရွာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ မေ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးဟာ ကားတစ်စီးနဲ့ ခေါ်ဆောင်ခံလာရင်း မန်နင်ကျေးရွာအရောက်မှာ သူမကို တရုတ်နိုင်ငံသားတစ်ဦးရဲ့ ဇနီးအဖြစ် ပို့ဆောင်မယ်ဆိုတာ သိရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် လူရှိတဲ့နေရာအရောက်မှာ ကားတံခါးဖွင့်ပြီး ထွက်ပြေးခဲ့ကာ နီးစပ်ရာ အိမ်တစ်အိမ်ကို ဝင်ရောက်အကူအညီတောင်းခံခဲ့ပါတယ်။
အိမ်ရှင်မိသားစုကလည်း ကလေးမလေးကို လက်ခံကူညီခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာတာဝန်ရှိသူတွေက စုံစမ်းမေးမြန်းရာမှာ မိန်းကလေးဟာ လူကုန်ကူးခံရတာဖြစ်ကြောင်း သိရှိခဲ့ပြီး မူဆယ်အခြေစိုက် မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ပါတယ်။
အသင်းသားတွေက မိန်းကလေးကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး မူဆယ်မြို့ လူကုန်ကူးမှုတားဆီးရေးရုံးကို ပို့ဆောင်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မိန်းကလေးက အမှုမဖွင့်လိုကြောင်း ပြောဆိုခဲ့ပြီး ဆက်လက်စုံစမ်းရာမှာ သူမရဲ့ အစ်မအရင်းနဲ့ ခင်ပွန်းဖြစ်သူတို့က အဆိုပါဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေတယ်လို့ သိရှိရကြောင်း ဖော်ပြထားပါတယ်။
မိန်းကလေးဟာ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်ပြီး အစ်မဖြစ်သူနဲ့အတူ နေထိုင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။
မြင့်မြတ်ပါရမီအသင်းကတော့ ကလေးမလေးရဲ့ အကူအညီတောင်းခံမှုကို လက်ခံကူညီပေးခဲ့တဲ့ အိမ်ရှင်မိသားစုနဲ့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကျေးဇူးတင်ဂုဏ်ပြုထားပြီး “သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ကယ်တင်စောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။


