၂၅ မေ ၂၀၂၆ | New Day Myanmar
ပါကစ္စတန်နိုင်ငံ အနောက်ပိုင်း ဘာလိုချီစတန်ဒေသမှာ စစ်ဘက်ဆိုင်ရာဝန်ထမ်းတွေကို တင်ဆောင်လာတဲ့ ရထားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူ ၂၀ သေဆုံးကာ နောက်ထပ် ၇၀ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှုဟာ ဘာလိုချီစတန်ဒေသ မြို့တော် ကွယ်တာရှိ Chaman Phatak ဘူတာအနီးမှာ ရထားဖြတ်မောင်းနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ရထားတွဲ ၃ တွဲနဲ့ စက်ခေါင်း လမ်းချော်သွားခဲ့ပြီး အခြားတွဲ ၂ တွဲကတော့ တိမ်းမှောက်သွားတယ်လို့ ရထားလမ်းတာဝန်ရှိသူတွေက ပြောပါတယ်။
ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပါကစ္စတန်အာဏာပိုင်တွေဘက်ကတော့ အဲဒီပြောဆိုချက်ကို တရားဝင် အတည်မပြုသေးပါဘူး။
ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတွေကို အရေးပေါ် ပို့ဆောင်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက အခင်းဖြစ်နေရာကို ပိတ်ဆို့စစ်ဆေးနေပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာဇ် ရှာရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး “ဒီလို သူရဲဘောကြောင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပါကစ္စတန်ပြည်သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို အားနည်းသွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောကြားထားပါတယ်။
ဘာလိုချီစတန်ဒေသမှာ လွတ်လပ်ရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပါကစ္စတန်စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ဒေသတွင်း မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။


