၂၃ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်အတွင်းမှာ မေလ ၂၂ ရက် ညပိုင်းက ရဲဝန်ထမ်းအမည်ခံပြီး လမ်းသွားလမ်းလာပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပေါ်တာဆွဲဖမ်းဆီးဖို့ ကြိုးပမ်းခဲ့သူတစ်ဦးကို ဒေသခံပြည်သူတွေက စုပေါင်းဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းခဲ့ကြပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံရသူက ရဲဝန်ထမ်းဖြစ်တယ်လို့ အခိုင်အမာဆိုထားကာ ၎င်းရဲ့ တပ်ဖွဲ့ဝင်နံပါတ်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပြီး မသင်္ကာဖွယ် လုပ်ဆောင်ချက်တွေကြောင့် ပြည်သူတွေက သတိပြုမိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေအရ သိရပါတယ်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားပြီး အပ်လိုက်တယ်လို့ ကြားတယ်။ ကျောက်မြောင်းဘက်က ညပိုင်းဆို လူအရမ်းစည်တယ်။ နယ်က ကလေးတွေ မိသားစုတွေလည်း များတယ်။ ဒါကို အခွင့်အရေးယူပြီး လုပ်စားနေတာ။ စစ်မှုထမ်းအတွက် အစိုးရက ဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ အောက်ခြေမှာ ဖြစ်ချင်သလို ဖြစ်နေတာ။ အခုကလည်း ရဲကိုယ်တိုင်ပတ်သက်နေတော့ ပိုဆိုးသွားတာပေါ့။ ပြည်သူက ငြိမ်မနေဘဲ အခုလိုလုပ်ကြရမှာ” လို့ ကျောက်မြောင်းရပ်ကွက်နေ ပြည်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရန်ကုန်မှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပါအဝင် အောက်ခြေက လူမိုက်အဖွဲ့တွေ၊ ပျူစောထီးခေါင်းဆောင်တွေ ပူးပေါင်းကာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်လက်ကို အပ်နှံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဒီအပေါ် လူထုက နေ့စဉ်ကြားမြင်နေရတာကြောင့် စစ်မှုထမ်းဥပဒေထက် အောက်ခြေမှာ လုပ်စားနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့တွေကို အခုလို လက်တုန့်ပြန်လိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။
“ကျောက်မြောင်းလောက် ဝင်ဆွဲခံရတာ ကျောက်မြောင်းဘဲ။ ရပ်ကွက်နေသူတွေက ဘာအကြောင်းမှန်းမသိဘဲ အခုလို ဝင်ဆွဲခံနေရတော့ တင်းလာပြီလေ။ အဲ့တော့ အခုလိုလုပ်ပြတာ တရားပါတယ်။ မိတော့မှ ငိုကြီးချက်မနဲ့ ကြောက်တတ်လိုက်တာ လွန်ရော” လို့ ကျောက်မြောင်းရပ်ကွက်နေ လူငယ်တစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက် (Screen Grab)


