Homeဆောင်းပါးအာဏာရှင်တွေကြိုက်တဲ့ လိမ်၊ လိမ်၊ လိမ် ဥပဒေသ

အာဏာရှင်တွေကြိုက်တဲ့ လိမ်၊ လိမ်၊ လိမ် ဥပဒေသ

ရေးသူ – ကောက်ရိုး

၂၀၂၂ ယူကရိန်းကိုကျူးကျော်တုန်းက ရုရှားဟာ သတင်းမှားတစ်ခုကို ဆက်တိုက်ဖြန့်ခဲ့ပါတယ်။ အဲဒါကတော့ ယူကရိန်းနိုင်ငံထဲမှာ အမေရိကန်က ငွေကြေးထောက်ပံ့ထားတဲ့ လျှို့ဝှက်ဇီဝ ဓာတ်ခွဲခန်းတွေရှိပြီး အဲဒီမှာ လင်းနို့ဗိုင်းရပ်စ်တွေနဲ့ စမ်းသပ်နေတယ်ဆိုတာပါ။

ဒါဟာ အဓိပ္ပါယ်မရှိဘူးဆိုပေမဲ့ ရုရှားနဲ့ပူးပေါင်းထားတဲ့ အမေရိကန် Twitter (X) အကောင့် တစ်ခုကနေ ပြန်ဖြန့်ဝေခဲ့အပြီးမှာတော့ ကြည်ရှုသူထောင်နဲ့ချီရှိခဲ့ပါတယ်။ #biolab ဆိုတဲ့ စာသားနဲ့ ပြန်မျှဝေမှုတွေဟာလည်း အများအပြားရှိခဲ့ပြီး ကြည့်ရှုသူ ၉ သန်းကျော်ထိရှိလာတာပါ။

ဒီကိစ္စဟာ ဘယ်လောက်ထိ တာသွားခဲ့လဲဆိုရင် Fox News ရဲ့ သတင်းတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ တာကာ ကာလဆ် င် (Tucker Carlson) က ဘိုင်ဒန်အစိုးရအနေနဲ့ လိမ်ညာနေတာကိုတွေကိုရပ်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းပြဖို့ တောင်းဆိုခဲ့ရတဲ့အထိပါ။

အဲဒီသတင်းမှားကိုတော့ ရုရှားနိုင်ငံကပဲ ထုတ်ဝေခဲ့တာမဟုတ်ဘဲ နောက်ပိုင်းမှာ တရုတ်နိုင်ငံပိုင် သတင်းဌာနတွေကပါ ထပ်ခါထပ်ခါ မေးခွန်းထုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

အာဏာရှင် ၂ နိုင်ငံရဲ့ ဒီလိုပူးပေါင်းကြံစည်မှုဟာ ဘယ်လောက်ထိ အောင်မြင်ခဲ့သလဲဆိုရင် အမေရိကန်မှာလုပ်တဲ့တဲ့ စစ်တမ်းတစ်ခုအရ ဖြေဆိုသူ ၄ ယောက်မှာ ၁ ယောက်က အဲဒီသတင်းကို ယုံကြည်ခဲ့တာပါတဲ့။

ဒါဟာ သိပ်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒီလိုကိစ္စမျိုးကို ဟစ်တလာရဲ့  ဝန်ကြီးဖြစ်တဲ့ ဂျိုးဇက် ဂိုဘယ်လ်ကလည်း ဒုတိယကမ္ဘာစစ်ကာလထဲ လိမ်ညာမှုတွေကို ဆက်တိုက်လုပ်၊ များများလုပ်၊ ကြာရင် လူတွေက အဲဒါကို အမှန်ထင်လာမယ်ဆိုတဲ့ မူဝါဒကို လက်ကိုင်ကျင့်သုံးခဲ့သူဖြစ်ပါတယ်။

အဲဒီအယူအဆက ဘယ်ကနေလာလဲဆိုတာကို အချိန်ကိုနောက်ပြန်ရစ်ကြည့်မယ်ဆိုရင်တော့ ၁၆ ရာစုနှစ်မှာထွက်ခဲ့တဲ့ မက်ခီယာဗဲလီရဲ့ The Prince (အာဏာရှင်လက်စွဲကျမ်း) ဆိုတဲ့ စာအုပ်မှာ စာရေးသူက အဲဒီသဘောကို အုပ်ချုပ်သူတွေအတွက် ပြောခဲ့ပါတယ်။

“အုပ်ချုပ်သူတစ်ယောက်ဟာ ကတိတည်စရာမလိုဘူး၊ လိုအပ်ရင် လိမ်ရမယ်” ဒါပေမဲ့ အဲဒီလို လိမ်တာကို ဖုံးကွယ်ဖို့အတွက် အင်မတန်တော်တဲ့ ဟန်ဆောင်သူ ဖြစ်ဖို့လိုတယ်လို့ မက်ခီယာဗဲလီက ရေးထားပါတယ်။

မြန်မာနိုင်ငံက လူထုကလည်း အခုအချိန်မှာ ဟန်ဆောင်သူတွေကို ကြုံနေရပါပြီ။ အင်မတန်တော်တဲ့ သူတွေတော့မဟုတ်ပါဘူး ရှေ့ကဖုံးနောက်ကဖော်ပါ။ ဖော်တဲ့သူတွေကလည်း သူတို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရင်ကမပြောရဲတဲ့ကိစ္စတွေကို ပြောလာနိုင်ပြီလို့ ဦးမင်းအောင်လှိုင်က ပြောဆိုအပြီးမှာပဲ သူကပဲ စာရေးဆရာကြီးဦးတင်ညွန့်ကို ဖမ်းဆီးလိုက်ပါတယ်။ ဆရာကြီး ဦးတင်ညွန့်ရဲ့ သရော်ချက်တွေ မခံစားနိုင်တဲ့အဆုံး သူလိမ်ခဲ့တာကို သူလုပ်ရပ်နဲ့ပြန်ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ဆက်တိုက်လိမ်နေတဲ့ ကိစ္စတွေထဲက တစ်ခုကို ထောက်ပြချင်ပါတယ်။ အဲဒါကတော့ မြစ်ဆုံကိစ္စပါ။ မြစ်ဆုံဆောက်လိုက်ရင် မြန်မာနိုင်ငံလျှပ်စစ်မီးမှန်တော့မယ်လို့ ဆက်တိုက် လိမ်နေတာဖြစ်ပြီး မြစ်ဆုံကို ဧရာဝတီမြစ် မထိခိုက်အောင် ဆောက်မယ်လို့ ပြောနေတာပါ။

သူတို့လိမ်တာ ဘယ်လောက်ထိရောက်လည်းဆိုရင် ကြားနေလို့ ယူဆရတဲ့ သူတွေကတောင် မြစ်ဆုံဆည်ဆောက်ဖို့ Facebook က Comment တွေမှာ ထောက်ခံနေတာကို မြင်နေရတဲ့အထိ ဖြစ်ပါတယ်။ မြစ်ဆုံဆည်ဆောက်လို့ လျှပ်စစ်မီးမှန်မယ်ဆိုတာဟာ လုံးဝယုံကြည်လို့မရသလို နောက်ဆက်တွဲ ကြီးမားတဲ့ အန္တရာယ်တွေအတွက် တံခါးဖွင့်ပေးထားသလို ဖြစ်နေမှာပါ။

အခုလည်း စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းစာတွေကနေ မြစ်ဆုံဆည်ဆောက်ဖို့ ဆက်တိုက် လမ်းကြောင်းနေသလို မြစ်ကြီးနားမှာလည်း ဒေသခံတွေကို မြစ်ဆုံဆောက်ဖို့ စည်းရုံးနေတာ ၁၄ ကြိမ်လောက်ရှိနေပါပြီ။

ဒီနေရာမှာ တစ်ချက်ထောက်ပြချင်တာဟာ တရုတ်ဟာ မြစ်ဆုံကနေထွက်မယ့်လျှပ်စစ်ဓာတ်အားကို မလိုပါဘူး။ ဘာကြောင့်လည်းဆိုတော့ တရုတ်နိုင်ငံရဲ့ ထုတ်ပြန်ထားချက်တွေအရ သူတို့ဟာ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းဟာ ၃၂၀၀ ဂစ်ဂါဝပ်ကျော်ရှိပြီး အမြင့်ဆုံးသုံးစွဲမှုကတော့ ၁,၆၀၀ ဂစ်ဂါဝပ်ကျော်ပဲ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါဆို နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တရုတ်က အသုံးချဖို့လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

အရင်ကမပြောရဲတဲ့ကိစ္စတွေကို ပြောလာနိုင်ပြီလို့ ဦးမင်းအောင်လှိုင်က ပြောထားပေမဲ့ နိုင်ငံတော်က လုပ်တဲ့ စီမံကိန်းတွေကို အကြောင်းမဲ့ကန့်ကွက်ရင် ဖမ်းမယ်လို့လည်း တစ်ဖက်မှာ ပြောထား ပါသေးတယ်။

ဒါကြောင့် မြစ်ဆုံအရေးဟာ အရင်ကလောက် ပြည်တွင်းမှာ ကန့်ကွက်သူတွေမရှိဘဲ ငြိမ်နေကြပေမဲ့ ဒါကို နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ရမှာက ပြည်သူလူထုပဲဖြစ်ပါတယ်။ မြစ်ဆုံဆောက်ရင် ကချင်ပြည်နယ်တစ်ခုပဲ ထိခိုက်မှာမဟုတ်ဘဲ မြန်မာနိုင်ငံတစ်နိုင်ငံလုံးထိခိုက်မှာ ဖြစ်သလို ဧရာဝတီဆိုတဲ့ မြန်မာရဲ့ အသွင်းသဏ္ဍန်ဟာလည်း ပျောက်ပျက်သွားနိုင်ပါတယ်။

ခေတ်သစ်သမိုင်းမှာလည်း ဆည်တွေဆောက်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ အကြောင်း ရေးထားတာတွေက ထောင်နဲ့ချီရှိနေပြီးသားပါ။

ဂျာမန်တွေးခေါ်ပညာရင် ဟီဂဲလ်ကပြောခဲ့ပါတယ်။ “သမိုင်းကနေ ကျွန်တော်တို့ရတဲ့ သင်ခန်းစာ တစ်ခုပဲရှိပါတယ်။ အဲဒါ သမိုင်းဆီက ဘာသင်ခန်းစာမှာ ကျွန်တော်တို့မယူခဲ့ဘူးဆိုတာပါပဲ” တဲ့။

အစိမ်းရပ်ကွက်၊ အနီရပ်ကွက်မခွဲဘဲ ကျွန်တော်တို့ သမိုင်းကနေ သင်ခန်းစာတွေ ယူလိုက် ကြရအောင်ပါ။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး