၂၂ မေ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ အရှေ့ပိုင်း Rayong Province မှာ အနှိပ်ခန်းအမည်ခံ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၄ ဦးအပါအဝင် နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဆိုပါဖမ်းဆီးမှုကို ရယွန်ခရိုင်၊ Pluak Daeng ဒေသရှိ “Koo Koo Lin” ကျန်းမာရေးအနှိပ်ခန်းမှာ မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီဆိုင်မှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးနေတယ်ဆိုတဲ့ သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့က အသွင်ယူစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ထိုင်းသတင်းတွေအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖောက်သည်အဖြစ် အသွင်ယူပြီး ဆိုင်ထဲဝင်ရောက်ရာမှာ မြန်မာအမျိုးသမီးတစ်ဦးက လာရောက်နှုတ်ဆက်ကာ ဝန်ဆောင်မှုအမျိုးအစားတွေကို ရှင်းပြခဲ့ပြီး ခန္ဓာကိုယ်နှိပ်နယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မိနစ် ၅၀ အတွက် ဘတ် ၄,၅၀၀ နဲ့ လိင်ဝန်ဆောင်မှု ရယူနိုင်ကြောင်း ကမ်းလှမ်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်က ငွေပေးချေခဲ့ပြီးနောက် ဆိုင်မန်နေဂျာက အပေါ်ထပ်အခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အခန်းအတွင်းမှာတော့ ဗီယက်နမ်အမျိုးသမီး ၂ ဦးက ဝန်ဆောင်မှုပေးဖို့ စောင့်ဆိုင်းနေခဲ့တာကို တွေ့ရှိရပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်တွေထံ အချက်ပြကာ အနှိပ်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဆိုင်အတွင်း လိင်ဝန်ဆောင်မှုအတွက် အသုံးပြုနေတဲ့ အခန်း ၁၀ ခန်းကို တွေ့ရှိခဲ့ပြီး ကုတင်တွေ၊ ကွန်ဒုံးတွေနဲ့ ချောဆီတွေကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ဆိုင်မန်နေဂျာနဲ့ အလုပ်သမား နိုင်ငံခြားသား ၈ ဦး ပါဝင်ပြီး မြန်မာနိုင်ငံသား ၄ ဦး၊ တရုတ်နိုင်ငံသား ၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
ထို့နောက် ဆိုင်မန်နေဂျာ (သို့မဟုတ်) ဆိုင်တာဝန်ခံကို နိုင်ငံခြားသားတွေကို တရားမဝင် အလုပ်ခန့်ထားမှု၊ ပြည့်တန်ဆာလုပ်ငန်း စီစဉ်လုပ်ကိုင်မှုနဲ့ အခြားဆက်စပ်အမှုတွေနဲ့ အရေးယူထားပါတယ်။
ကျန်တဲ့ မြန်မာနဲ့ နိုင်ငံခြားသား အလုပ်သမားတွေကိုတော့ Work Permit မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သက်လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ လက်ရှိမှာ နိုင်ငံအတွင်း တရားမဝင်လုပ်ငန်းတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ နိုင်ငံခြားသားတွေကို တရားမဝင် အလုပ်ခန့်ထားမှုတွေကို ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးသွားမယ်လို့ ပြောကြားထားပါတယ်။


