၁၁ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ လုပ်သားအင်အားလျှော့ချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်ပယ်နေတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) ဆီကနေ သိရပါတယ်။
မေ ၉ ရက် အလုပ်ဆင်းခါနီးအချိန်မှာ ဝန်ထမ်း ၁၉ ဦးကို “အင်အားပိုလျှံ” တယ်ဆိုကာ အလုပ်ထုတ်ကြောင်း ကြေညာခဲ့ရာမှာ စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်းက ၂ ဦး၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ ဦးနဲ့ အမှုဆောင်ကော်မတီ (EC) အဖွဲ့ဝင် ၄ ဦး စုစုပေါင်း သမဂ္ဂဝင် ၁၀ ဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။
“အင်အားပိုလျှံတယ်လို့ အကြောင်းပြပေမယ့် စက်ရုံစဖွင့်ကတည်းက လုပ်လာတဲ့ လုပ်သက် ၈ နှစ်ကျော် ဝန်ထမ်းတွေတောင် ပါနေတယ်။ ဒါဟာ အလုပ်သမားအဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲတာပဲ” လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
အဆိုပါစက်ရုံရှိ အခြေခံအလုပ်သမားအဖွဲ့အစည်းဟာ မတ် ၂၃ ရက်ကတည်းက ရွှေပြည်သာမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာ အဖွဲ့အစည်းမှတ်ပုံတင်ဖို့ ပုံစံ-၆ တင်ထားခဲ့ပေမယ့် လက်ရှိအချိန်အထိ ခွင့်ပြုချက် မရသေးဘဲ ကြန့်ကြာနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အလုပ်သမားဌာနဘက်က သမဂ္ဂအဖွဲ့ဝင်စာရင်းတွေကို လုပ်ငန်းရှင်ထံ ကြိုတင်ပေးပို့ကာ အဖွဲ့အစည်းဖြိုခွဲဖို့ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
မတရားအလုပ်ထုတ်ခံရတဲ့အပေါ် ကျန်ရှိတဲ့ အလုပ်သမားတွေက စက်ရုံအတွင်း တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ရာမှာ စက်ရုံ HR Manager က လှော်ကားရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး တစ်ဦးချင်းစီ ဆွဲထုတ်ခိုင်းမယ်လို့ လာရောက်ခြိမ်းခြောက်ခဲ့တယ်လို့ STUM ဘက်က ပြောပါတယ်။
စက်ရုံအတွင်းကို ရဲ၊ စရဖနဲ့ SB အဖွဲ့ဝင်တွေ ဝင်ရောက်နေတဲ့အတွက် အလုပ်သမားတွေဘက်က စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
STUM အနေနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အလုပ်သမားတွေဘက်က ခိုင်ခိုင်မာမာ ရပ်တည်သွားမှာဖြစ်ပြီး ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှာ ငြိမ်းစုစီခွင့်ပြုမိန့်တင်ကာ ကန့်ကွက်ဆန္ဒဖော်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံဟာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ Teranova, LC Waikiki, ONLY, GRACE, MIDDRT နဲ့ ATTOZ စတဲ့ Brand တွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံတစ်ရုံလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – STUM


