Homeပြည်တွင်းသတင်းမေလလယ်တွင် မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိဟုဆို

မေလလယ်တွင် မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်နိုင်ခြေရှိဟုဆို

၁၁ မေ ၂၀၂၆ | New Day Myanmar

၂၀၂၆ ခုနှစ် မေလ ဒုတိယ ၁၀ ရက်ပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို မုတ်သုံလေ စတင်ဝင်ရောက်လာတော့မှာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာလည်း မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ မေ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အရ မုတ်သုံလေဟာ မေ ၁၃ ရက်ကနေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို စတင်ဝင်ရောက်မှာဖြစ်ပြီး မေ ၁၈ ရက်ကနေ ၂၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေဘက်ကို ဆက်လက်ဝင်ရောက်လာမယ်လို့ ဆိုပါတယ်။

လတ်တလောအခြေအနေအရ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းကမ်းလွန်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မေလ ဒုတိယပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး အဲဒီထဲက ၁ ကြိမ်ဟာ မုန်တိုင်းငယ်အဆင့်အထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေမှာ ရွာသွန်းမြဲထက် မိုးပိုနိုင်ပြီး ဒေသအများစုမှာ ၆ ရက်ကနေ ၈ ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မန္တလေး၊ မကွေးနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) တို့မှာတော့ မေလ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ခန့် ပိုမိုပူပြင်းနိုင်သေးတယ်လို့ သိရပါတယ်။

မြစ်ရေအခြေအနေနဲ့ ပတ်သက်ပြီး ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်နဲ့ သံလွင်မြစ်တွေမှာ ရေမှတ် ၁ ပေကနေ ၃ ပေခန့်အထိ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်ရေကတော့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမြို့တွေမှာ လက်ရှိရေမှတ်အောက် ၃ ပေကနေ ၅ ပေခန့်အထိ ပြန်လည်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။

မုတ်သုံလေ စတင်ဝင်ရောက်လာတော့မှာဖြစ်သလို မုန်တိုင်းငယ်ဖြစ်နိုင်ခြေလည်း ရှိနေတာကြောင့် မိုးဦးကာလအတွင်း မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေကို အထူးသတိပြုကြဖို့လည်း မိုး/ဇလက သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး