၂၉ ဧပြီ ၂၀၂၆ | New Day Myanmar
စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကော်မရှင်တပ်ဆီ စစ်လက်နက်ပစ္စည်းတွေ၊ လောင်စာဆီနဲ့ နည်းပညာတွေ ဆက်လက်စီးဆင်းနေမှုကို ချက်ချင်းဖြတ်တောက်ပေးကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဧပြီ ၂၉ ရက်နေ့မှာ အဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
အဆိုပါပြောကြားချက်ကို နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) ဆိုင်ရာ ညီလာခံမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဘက်က နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေးရည်ရွယ်ချက်နဲ့ အသုံးပြုမယ်ဆိုတဲ့ အကြောင်းပြချက်ဟာ ယုံကြည်စရာ မရှိဘူးလို့ သတိပေးခဲ့ပါတယ်။
အတိတ်ကာလအတွင်း ဓာတုလက်နက်အစီအစဉ်တွေကို ဖုံးကွယ်ထားခဲ့ဖူးတဲ့ သမိုင်းရှိနေခြင်းကြောင့် ပွင့်လင်းမြင်သာမှုရှိလာမယ်လို့ မမျှော်လင့်နိုင်ကြောင်းလည်း သံအမတ်ကြီးက ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်တွေနဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ဆက်လက်ချိုးဖောက်နေတဲ့အတွက် International Atomic Energy Agency ရဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာနိုင်မယ်ဆိုတာ မယုံကြည်နိုင်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်နိုင်တဲ့အချိန်မှသာ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို စဉ်းစားသင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
ထို့အပြင် မြန်မာပြည်သူတွေနဲ့ နိုင်ငံအနာဂတ်ကို ကာကွယ်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်ဆီ အမျိုးမျိုးသော အထောက်အပံ့တွေ ဆက်လက်စီးဆင်းနေမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပြီး စစ်တပ်ဟာ အရပ်သားအစိုးရ ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိလာမှသာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။


