၂၅ မတ်လ ၂၀၂၆ | New Day Myanmar
တောင်ကိုရီးယားနိုင်ငံရှိ စက်ရုံတစ်ခုမှာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးကို ဆရာဝန်တွေက သေဆုံးပြီးဖြစ်တယ်လို့ ယူဆထားရာမှ ရေခဲတိုက်ကို ပို့ဖို့ ပြင်ဆင်နေစဉ် အသက်ပြန်ရှူလာတာကြောင့် လက်ရှိမှာ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ဆက်လက်ကုသပေးနေကြောင်း သိရပါတယ်။
အဆိုပါ အလုပ်သမားဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ဇာတိ အသက် ၃၃ နှစ်အရွယ် ကိုစန်းယုဖြစ်ပြီး G to G စနစ်နဲ့ တောင်ကိုရီးယားနိုင်ငံ ဟွာဆောင်မြို့ မာဒိုမြောင်ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ စက်ရုံအတွင်း လုပ်ကိုင်နေစဉ် စက်ညှပ်မိကာ ဦးခေါင်းပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိပြီး အရေးပေါ် ဆေးရုံကို ပို့ဆောင်ခဲ့ရာ အစောပိုင်းမှာ အသက်မရှူတော့တာကြောင့် သေဆုံးပြီလို့ ယူဆခဲ့ကြပါတယ်။
ဒါပေမယ့် ရေခဲတိုက်ကို ပို့ဖို့ ပြင်ဆင်နေချိန်မှာ အသက်ပြန်ရှူလာတဲ့ လက္ခဏာတွေ ပြသခဲ့တာကြောင့် အရေးပေါ်ကုသမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ ICU မှာ ထားရှိကုသနေကြောင်း ကိုရီးယားရှိ မြန်မာအလုပ်သမားအရေး ကူညီနေသူတဦးက ပြောပါတယ်။
“အခြေအနေကတော့ စိုးရိမ်ရပါတယ်။ အာရုံကြောတွေထိထားတာ။ ပထမဆုံးပြီးဆိုပြီး ရေခဲတိုက်ပို့ခါနီးမှ ပြန်ပြီး အသက်ရှုလာလို့ အရေးပေါ်ကုနေရတုန်း။”လို့ သူက ပြောပါတယ်။
ဆရာဝန်တွေ အဆိုအရ ကိုစန်းယုရဲ့ အာရုံကြောထိခိုက်မှုဟာ ပြင်းထန်ပြီး လက်ရှိအခြေအနေမှာ အသက်ရှင်နိုင်ဖို့အတွက် အထူးကြပ်မတ်ကုသမှု လိုအပ်နေတဲ့ စိုးရိမ်ဖွယ် အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
ကိုစန်းယုရဲ့ ဇနီးနဲ့ ကလေးနှစ်ဦးမှာ မြန်မာနိုင်ငံမှာ ရှိနေပြီး မိသားစုဝင်အချို့က ကိုရီးယားနိုင်ငံကို သွားရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ မိသားစုဝင်တွေ အနေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့နဲ့ အသက်ဆက်ပေးထားမလား သို့မဟုတ် အသက်ရှူပိုက်ဖြုတ်မလားဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံကို ပြန်လည်သယ်ဆောင်ဖို့ ကုန်ကျစရိတ်တွေကလည်း အလွန်မြင့်မားနေတယ်လို့ သိရပါတယ်။
အဆိုပါ လုပ်ငန်းခွင်မတော်တဆမှုနဲ့ ပတ်သက်ပြီး ကိုရီးယားဘက် စက်ရုံက ဥပဒေအရ လျော်ကြေးနဲ့ အာမခံကြေးတွေ ပေးအပ်သွားမယ်ဖြစ်ပြီး ဆေးကုသမှုစရိတ်တွေကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
ဒါ့ပြင် ကိုရီးယားရှိ မြန်မာအလုပ်သမားကူညီရေးအဖွဲ့တွေကလည်း ကိုစန်းယုအတွက် လိုအပ်တဲ့ အကူအညီတွေ နဲ့ လျော်ကြေးရရှိရေးကို ဆက်လက်ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။


