ဘီစီ ၄၄ ခုနှစ်တုန်းကသေဆုံးခဲ့တဲ့ ရောမခေါင်းဆောင် ဂျူးလိယက်ဆီဇာရဲ့ နာမည်ကျော် စကားတစ်ခုရှိပါတယ်။ အဲဒါကတော့ “Et tu, Brute?” ဆိုတာပါ။ မြန်မာလိုပြန်ရရင်တော့ “အော် ဘရူးတပ်စ် မင်းလည်းပါသကိုး” ဆိုတဲ့ အဓိပ္ပါယ်ပါ။
ဘာကြောင့်လည်းဆိုတော့ ဘရူးတပ်စ်ဟာ ဆီဇာရဲ့ လူယုံတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့သား ဆီဇာ လွှတ်တော်ထဲ ဝင်လာတဲ့အချိန် အမတ်တွေက စုပေါင်းပြီး ဆီဇာကို ဝိုင်းလုပ်ကြံကြပါတယ်။ အဲဒီထဲမှာ ဘရူးတပ်စ်ပါလာလို့ ဆီဇာက “မင်းလည်းပါသကိုး” လို့ အံ့ဩတကြီးနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်။
အခုလည်း မြန်မာနိုင်ငံမှာ အဆုံးစွန်သော ကြီးမားတဲ့ သစ္စာဖောက်မှုတစ်ခု ဒီရက်ပိုင်းထဲ ဖြစ်ပွားခဲ့ ပါတယ်။ အဲဒါကတော့ ဖက်ဆစ် စစ်အုပ်စုဟာ ကိုယ့်လူကိုယ် ဗုံးကြဲပြီး အပျောက်ရှင်းလိုက်တာပါ။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲမှာရှိတဲ့ အကျဉ်းထောင်တစ်ဝိုက်ကို စစ်အုပ်စုက ၄ နာရီနီးပါးကြာအောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းထားတဲ့ စစ်အုပ်စုရဲ့ အကျဉ်းသားတွေ အမြောက်အများ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲ စစ်အုပ်စုရဲ့ အရာရှိကြီးတွေတော်တော်များများ ပါသွားတယ်လို့လည်း AA က ဆိုပါတယ်။
အကျဉ်းထောင်ဗုံးကြဲခံရတာကြောင့် စုစုပေါင်း သေဆုံးသူဟာ ၁၁၆ ယောက်ဖြစ်ပြီး အဲဒီထဲမှာ အရပ်သားတွေလည်း ပါတယ်လို့ AA က ကနဦးထုတ်ပြန်ထားပါတယ်။ နောက်ထပ်လည်း ရှင်းလင်းရေးတွေလုပ်နေပြီး အစနပျောက်သွားတဲ့သူတွေလည်း ရှိတာကြောင့် ထပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သေဆုံးသူတွေကတော့ ဒီထက်များလာနိုင်ပါတယ်။ AA က ဖမ်းထားတဲ့ ဗိုလ်မှူးချုပ် သောင်းထွန်း ကတော့ ဒါဟာ “သိသိကြီးနဲ့ ကြဲပစ်လိုက်တဲ့သဘော။ ရက်စက်တဲ့သဘော ဖြစ်သွားတာပေါ့” လို့ ပြောလိုက်ပါတယ်။ သူဟာ ဗုံးကြဲခံရတာကနေ လွတ်မြောက်ပြီး အသက်ရှင်ခဲ့တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အဲဒီလုပ်ရပ်ဟာ ရဲဘော်ရဲဘက်စိတ်ကို သစ္စာဖောက်လိုက်တဲ့ အဆုံးစွန်သော လုပ်ရပ်လည်း ဖြစ်သွားပါတယ်။ စစ်တပ်တွေရဲ့ အသက်သွေးကြောတွေထဲက တစ်ခုဟာ ဘယ်တော့မှ ကိုယ့်ရဲဘော်ကို ပြစ်မထားဘူး ဆိုတဲ့ ယုံကြည်မှုပါ။ အခုတော့ စစ်အုပ်စုဟာ ဒီယုံကြည်ကို ချိုးဖောက်လိုက်ပါပြီ။
စစ်အုပ်စု အနေနဲ့ အဲဒီနေရာမှာ အကျဉ်းထောင်ရှိတယ်ဆိုတာကို ဟိုးအရင်ကတည်းက သိထားပြီး သားပါ။ ဘာကြောင့်လည်းဆိုတော့ အဲဒီ ဒါးလက်ချောင်းဒေသမှာ အရင်တုန်းက တောဟိန်းတောင်ဆိုတဲ့ စစ်အုပ်စုရဲ့ ဗျူဟာစခန်းနဲ့ တခြားစခန်းတွေ တော်တော်များများ ရှိခဲ့ပါတယ်။ သတင်းပေးတွေလည်း ရှိခဲ့ပါတယ်။
တောဟိန်းတောင်ကို AA နဲ့ မဟာမိတ်တွေတက်သိမ်းတုန်းက အဲဒီဒေသကို စစ်အုပ်စုက ဗုံးမိုးရွာခဲ့ ပါတယ်။ ဒါပေမဲ့ အကျဉ်းထောင်နေရာတွေကတော့ လွတ်မြောက်ခဲ့ပါတယ်။ အကျဉ်းထောင်တွေ အဲဒီလို လွတ်မြောက်ခဲ့ပေမဲ့ AA ရဲ့ သင်တန်းကွင်းတည်နေရာတွေကတော့ ဗုံးကြဲခံရပါတယ်။ လက်နက်ကြီးနဲ့ အပစ်ခံရပါတယ်။ ကျဆုံးသူတွေရှိခဲ့ပါတယ်။ ဒါဟာ သတင်းပေးတွေကြောင့်လည်း ပါပါတယ်။
အဲဒီလို AA ရဲ့ သင်တန်းကွင်းနေရာကိုတောင် သိနေတဲ့ စစ်အုပ်စုဟာ အကျဉ်းထောင် နေရာတွေကို မသိစရာအကြောင်းမရှိပါဘူး။ ဒါဟာ သိသိကြီးနဲ့လုပ်ချသွားတယ်ဆိုတာ ငြင်းမရပါဘူး။
စစ်အုပ်စုလော်ဘီတွေကတော့ အကျဉ်းစခန်းတွေဟာ တောမီးကနေကူးစပြီး မီးလောင်သွားတာလို့ တဖုံ အကျဉ်းသားတွေကို မကျွေးထားချင်တော့လို့ ရှင်းလိုက်တာလို့ တမျိုး အမျိုးမျိုး ဖုံးဖိနေကြပါတယ်။
AA ဟာ ဒီအကျဉ်းသားတွေကို ရှင်းပြစ်စရာအကြောင်းမရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီလို ရှင်းလိုက်ရင် စစ်ရာဇဝတ်မှုမြောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထမင်းမကျွေးထားနိုင်စရာအကြောင်းလည်း မရှိပါဘူး။ နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကိုတောင် AA က ရိက္ခာပေးထားတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။
နောက်တစ်ခုက အကျဉ်းသားတွေဟာ AA အတွက်တော့ ရွှေဥ ဥပေးနေတဲ့ ငန်းတွေဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအကျဉ်းသားတွေဟာ စိုက်ပျိုးရေးလုပ်ရပါတယ်။ လူအင်အားများတာ ဖြစ်တဲ့အတွက်ကြောင့် စိုက်ခင်းတွေဟာ ဖြစ်ထွန်းပါတယ်။ စိမ်းစိုပွင့်လန်းနေတာဟာ အားရစရာကြီးပါ။
ဒီစိုက်ခင်းတွေကြောင့် ဝါးတုတ်(မျှစ်ဟင်း) နဲ့ ငါးနီတူကြီးပဲ မဟုတ်ဘဲ အကျဉ်းသားတွေနဲ့ AA အဖွဲ့ဝင်တွေဟာ အသီးအရွက်ကို ဖွယ်ဖွယ်ရာရာ စားရပြီး ဒါဟာ ဟင်းအတွက် ကုန်ကျစားရိတ်ကို လျှော့ချနေနိုင်တာပါ။ ဒါ့အပြင် ဆိုင်ရာ ဆိုင်ရာ အကျဉ်းသားတွေဟာ လမ်းခင်း၊ လမ်းပြင်၊ သန့်ရှင်းရေး စတဲ့ အလုပ်တွေလုပ်ရပြီး တပ်ဖွဲ့ဝင်တွေကို မသုံးရတာကြောင့် AA အတွက်တော့ အကျဉ်းသားတွေဟာ ရွှေဥ ဥပေးနေတဲ့ ငန်းတွေ ဖြစ်ပါတယ်။
အခုတော့ စစ်အုပ်စုရဲ့ လုပ်ရပ်ကြောင့် တပ်တွင်းမှာ ဆူညံဆူညံဖြစ်လာကြပါပြီ။ ငါတို့လည်း အဖမ်းခံရ ရင်တောင် ဒီလိုဗုံးကြဲပြီး အရှင်းခံရမှာဆိုတဲ့ စိတ်တွေဝင်လာကြပါပြီ။ ယုံကြည်မှု ပျက်ပြားရင်တော့ တပ်ကိုထိန်းချုပ်ရ ခက်လာမှာပဲ ဖြစ်ပါတယ်။ တပ်ပြေတွေလည်း များလာတော့မှာပါ။
ဆီဇာသာ မရှိတော့ရင် ရောမကို ငြိမ်းချမ်းအောင်လုပ်မယ်ဆိုတဲ့ သစ္စာဖောက်သူတွေဟာ သူတို့ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဆီဇာသေပြီးတဲ့နောက် ရောမဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး သစ္စာဖောက်တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူနဲ့ အသတ်ခံရတဲ့သူနဲ့ မရှုမလှ ဇာတ်သိမ်းခဲ့ရပါတယ်။
အခုလည်း မင်းအောင်လှိုင်ဟာ သူအလောင်း မြှုပ်မယ့်ကျင်းကို သူကိုယ်တိုင် တူးထားလိုက်ပါပြီ။
ရေးသူ – ကောက်ရိုး ၊ New Day Myanmar


