Homeပြည်တွင်းသတင်းဒလတံတားဘက်ခြမ်း တိုးဂိတ်မှာ YBS ယာဉ်ကြမ်းခင်းအပေါက်ကနေ ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံး

ဒလတံတားဘက်ခြမ်း တိုးဂိတ်မှာ YBS ယာဉ်ကြမ်းခင်းအပေါက်ကနေ ကလေးငယ်တစ်ဦး ပြုတ်ကျသေဆုံး

၂၃ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာ–ကိုရီယားချစ်ကြည်ရေး (ဒလ) တံတား ဒလဘက်ခြမ်း တိုးဂိတ်အနီးမှာ YBS-72 ယာဉ်တစ်စီးရဲ့ ကြမ်းခင်းအပေါက်ကနေ ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ကြီးလေးကြီး လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ဒီနေ့ ညနေ ၄ နာရီကျော်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒလမြို့နယ်ကနေ ရန်ကုန်မြို့တွင်းဘက်ကို အဒေါ်ဖြစ်သူနဲ့အတူ မုန့်ဝယ်ပြီး ပြန်လာတဲ့အချိန် ဒလတိုးဂိတ်အရောက် YBS-72 ယာဉ်ပေါ်မှာ စီးနင်းနေစဉ် ယာဉ်ကြမ်းခင်းအပေါက်ကနေ အသက် ၅ နှစ်အရွယ် ကလေးငယ် ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

ကလေးငယ် ပြုတ်ကျခဲ့တဲ့ ကြမ်းခင်းအပေါက်ဟာ ယာဉ်နောက်ဘီးဖုံးအောက်နားမှာ ဖြစ်ပြီး သစ်သားအဖုံးနဲ့ ပိတ်ထားတာဖြစ်ကြောင်း၊ တိုးဂိတ်ရှိ Slowdown ကို ဖြတ်သန်းစဉ် ယာဉ်ခုန်သွားလို့ အဖုံးပွင့်ကာ ကလေးငယ် ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးငယ်ဟာ ယာဉ်နောက်ဘီးနဲ့ ကြိတ်မိခဲ့ပြီး သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လတ်တလောမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ကြီးလေးကြီး လူမှုကူညီရေးအသင်းက ဒလမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး၊ ထိုမှတဆင့် သုသာန်သို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကြီးလေးကြီး လူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး