Homeပြည်တွင်းသတင်းမြန်မာနိုင်ငံဟာ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးနိုင်တဲ့ အန္တရာယ်အဆင့်ထိ ရောက်နေပြီလို့ ဦးကျော်မိုးထွန်းပြော

မြန်မာနိုင်ငံဟာ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးနိုင်တဲ့ အန္တရာယ်အဆင့်ထိ ရောက်နေပြီလို့ ဦးကျော်မိုးထွန်းပြော

၃ ဖေဖော်ဝါရီ ၂၀၂၆

မြန်မာပြည်သူတွေဟာ နှစ်ပေါင်းများစွာ အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရပြီး လက်ရှိအခြေအနေမှာတော့ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရမယ့် အန္တရာယ်အဆင့်ထိ ရောက်လာပြီလို့ ဦးကျော်မိုးထွန်း က ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့မှာ ဇန်နဝါရီ ၃၀ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ စီးပွားရေး နှင့်လူမှုရေးကောင်စီတို့ရဲ့ အခန်းကဏ္ဍတွေကို ရှင်းလင်းတင်ပြတဲ့ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။

ဦးကျော်မိုးထွန်းက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းကစပြီး မြန်မာပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ လုံခြုံရေးမရှိမှုနဲ့ အနာဂတ်မသေချာမှုတွေကို ဆက်တိုက် ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ပညာရေး၊ ကျန်းမာရေးနဲ့ လူ့အရင်းအမြစ်ဖွံ့ဖြိုးမှုတွေ ဆိုးရွားစွာ ပြိုလဲလာပြီး နိုင်ငံတစ်နိုင်ငံလုံးအတွက် မျိုးဆက်ပျက်စီးမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပံ့ပိုးရာမှာ လုံလောက်တဲ့ တုံ့ပြန်မှု မပြုနိုင်သေးတာကြောင့် အချိန်ကြာလာသလို အန္တရာယ်ပိုမို နက်ရှိုင်းလာနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ရေရှည်အနာဂတ်ကို ကာကွယ်နိုင်ဖို့အတွက်တော့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးသာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ထပ်မံအလေးထား ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး