ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို ကြံ့ဖွံ့ပါတီပ(USDP) ကိုပဲ မဲပေးကြဖို့ အတွက် အလုပ်ရှင်တွေနဲ့ စက်ရုံအကြီးအကဲတွေက ဖိအားပေးနေကြတယ်လို့ New Day Myanmar က စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ လက စပြီး စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စက်ရုံတွေမှာ မဲပေးစနစ်တွေ လာရောက်ရှင်းပြပြီးနောက် မဲစာရင်းကောက်ခံတာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း အလုပ်သမားတွေအနေနဲ့ ၎င်းတို့ နေထိုင်ရာ အိမ်ထောင်စုတွေမှာလည်း မဲစာရင်းကောက်ခံတာကြောင့် နေအိမ်နဲ့ စက်ရုံ ၂ နေရာမှာ မဲစာရင်းပေးရသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
“အိမ်မှာလည်း ကောက်တယ်၊ စက်ရုံမှာလည်း ထပ်ကောက်တာရှိတယ်။ ဘယ်လိုတွေလဲတော့မသိဘူး။ ကျွန်တော်တို့ စက်ရုံမှာတော့ ကြံ့ခိုင်ရေးကို မဲပေးဖို့ ပြောတာတွေရှိတယ်။ စက်ရုံပိုင်ရှင်တွေက တဆင့် ပြောခိုင်းတာပေါ့ သူတို့က။”လို့ ရန်ကုန်မြို့ စက်ရုံတရုံက အလုပ်သမား တဦးက New Day Myanmar ကိုပြောပါတယ်။
စက်ရုံပိုင်ရှင်တွေနဲ့ စက်ရုံတာဝန်ခံတွေကတော့ (USDP) ကို ထောက်ခံတဲ့သူတွေရှိသလို စစ်တပ်က ပေးတဲ့ ဖိအားတချို့ကိုလည်း ရင်ဆိုင်နေရတာဖြစ်နိုင်တယ်လို့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦးက ပြောပါတယ်။
“တချို့စက်ရုံတွေမှာတော့ ပေါ်ပေါ်တင်တင်ကိုပဲ (USDP) ကိုမဲပေးရမယ်၊ မပေးလို့ မရဘူးဆိုပြီး ပြောတာတွေရှိတယ်။ တချို့ကတော့ သူတို့ ဖိအားပေးပေမယ့် သေချာ မပြောတဲ့ စက်ရုံတွေလည်းရှိပါတယ်။”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကတော့ ကမ္ဘာတဝန်းရှိ အလုပ်သမား သန်း ၂၀၀ ကျော်ကို ကိုယ်စားပြုတဲ့ ကမ္ဘာလုံးဆိုင်ရာ သမဂ္ဂများ (GUFs) က ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အာဏာရှင်အဖွဲရဲ့ တရားမဝင်ဘဲ မတရားတဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ရှုတ်ချထားပါတယ်။
ဓါတ်ပုံ – USDP


