Homeဆောင်းပါးလွန်ပါစေ အနီရောင်ရက်စွဲတို့

လွန်ပါစေ အနီရောင်ရက်စွဲတို့

၂၀၂၅ ဟာ စံချိန်တင် နှစ်တစ်နှစ်ဖြစ်တယ်ဆိုတာ သင်သိပါလား။

အကောင်းဘက်ကတော့ မဟုတ်ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုရဲ့လေကြောင်း ဗုံးကြဲမှုကြောင့် လူသေဆုံးမှုအများဆုံးနှစ်အဖြစ် စံချိန်တင်သွားတာပါ။ ဟုတ်ပါတယ်။ နီစွေဆွေးနေတဲ့ ရက်စွဲအများဆုံးနှစ်အဖြစ် စံချိန်တင်သွားတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေဆုံးတဲ့ပြည်သူဟာ စက်တင်ဘာလလယ်အထိ ၆၇၄ ယောက် ရှိနေတာပါ။

အရင့်အရင် နှစ်တွေကကော ဘယ်လောက်ရှိခဲ့တုန်းဆိုတော့ ၂၀၂၄ တုန်းက ၆၄၁ ယောက်၊ ၂၀၂၃ တုန်းက ၃၄၁ ယောက်၊ ၂၀၂၂ တုန်းက ၄၁ ယောက်နဲ့ ၂၀၂၁ တုန်းကတော့ ၁၈ ယောက် ရှိခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၅ ဟာ နှစ်ကုန်ဖို့ ၃ လကျော်လိုသေးတဲ့အချိန်မှာပဲ စံချိန်တင်နှစ်ဖြစ်သွားတာပါ။

ဒါပေမဲ့ နောက်နေ့တွေ၊ နောက်နှစ်တွေအတွက် လေကြောင်းကနေဗုံးကြဲမှုကြောင့် ကိန်းဂဏန်းတွေ အများကြီး ထပ်တိုးမလာအောင် လုပ်လို့ရပါတယ်။

ကံကောင်းရင်လွတ်မယ်ဆိုတာထက် ကြိုးစားရင်၊ သတိရှိရင် လူသေဆုံးမှုဆိုတဲ့ အဲဒီ အနီရောင် ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ ထပ်မတိုးလာနိုင်ပါဘူး။

ကိန်းဂဏန်းတွေ တိုးမလာအောင်လုပ်ဖို့ကတော့ အားလုံးသိတဲ့ လျှို့ဝှက်ချက်တစ်ခုပဲရှိပါတယ်။

ကြိုတင်ကာကွယ်ခြင်းပါ။ ထပ်ပြောပါမယ် ကြိုတင်ကာကွယ်ခြင်းပါ။

ဒီနေရာမှာ အမေရိကန်က B2 ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ နေပြည်တော်ကို ဗုံးကြဲရင်၊ လေယာဉ်ကွင်းတွေကို ဗုံးကြဲရင်၊ လေယာဉ်ပစ် လက်နက်တွေရှိရင် ဆိုတဲ့ လတ်တလော မဖြစ်နိုင်သေးတဲ့ ကိစ္စတွေကို ခေါင်းထဲက ထုတ်ထားရပါမယ်။

စစ်အုပ်စုရဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေလျော့သွားအောင် လုပ်ဖို့ဆိုတာကိုလည်း အိပ်မက်တစ်ခု၊ စိတ်ကူးယဉ်မှုတစ်ခုအဖြစ်ပဲ မှတ်ထားရပါမယ်။

လောလောဆယ် ကျွန်တော်တို့ လုပ်နိုင်တာက ကြိုတင်ပြင်ဆင်မှုပါပဲ။ ကြိုတင်ပြင်ဆင်မှုဆိုတဲ့ နေရာမှာတော့ အပိုင်း ၂ ပိုင်းရှိပါတယ်။ (၁) သတင်းအချက်အလက်နဲ့ (၂) ဗုံးဒဏ်လွတ်တဲ့နေရာတွေ ရှိဖို့ပါ။

ဥပမာ တစ်ခုလောက် ပြောချင်ပါတယ်။ အင်အားကြီး တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တစ်ခုရဲ့ စခန်းတစ်ခုကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲပါတယ်။ အဲဒီနေရာမှာ စစ်ရေးအတွက် အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေနေကြပါတယ်။

လေကြောင်းကနေ ဗုံးကြဲအပြီးမှာ ဗုံးဒဏ်ကြောင့် မြေကြီးမှာ ထားထားတဲ့ ငရုပ်ဆုံကအစ ကွဲသွားပါတယ်။ ကြက်တွေသေပါတယ်။ စဉ်းစားကြည့်ပါ မြေပြင်မှာ ဝပ်နေရင်တောင် မလွတ်တဲ့အနေအထားဖြစ်ပါတယ်။

ဒါပေမဲ့ လူတွေမသေကြပါဘူး။ လေယာဉ်လာနေတာကို ကြိုသိတဲ့အတွက် လူတွေပုန်းချိန် ရလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကြိုတင်သတိပေးစနစ်နဲ့ ဆက်သွယ်ရေးတူးမြောင်းတွေ၊ ဗုံးခိုကျင်းတွေ ရှိလို့ပါ။

ဟုတ်ပါတယ် အခုစာရေးနေတဲ့သူဟာလည်း အဲဒီလို ဖြစ်စဉ်မျိုးကနေ လွတ်လာဖူးတဲ့သူပါ။

နောက်ဥပမာ တစ်ခုပြချင်ပါတယ်။ ရွာလေးတစ်ရွာမှာပါ။ လေကြောင်းကနေ ဗုံးလာကြဲပါတယ်။ ကြိုတင်သတင်းမရပါဘူး။ လေယာဉ်သံကြားမှ အသဲအသန်ပြေးရပါတယ်။ အဲဒီရွာဟာ ဗုံးခိုကျင်းတွေကို အမှန်အကန်တူးထားကြပါတယ်။ ဒါပေမဲ့ ကြိုတင် အချက်ပေးစနစ် မရှိတော့ လူအနည်းငယ် သေကြပါတယ်။

အဲဒီနောက်ပိုင်းတော့ လေယာဉ်သတင်းအတွက် ကြိုတင်အချက်ပေးစနစ်တစ်ခုလုပ်လိုက်ပါတယ်။

ကြိုတင်အချက်ပေးစနစ်ကတော့ ဝေါ်ကီတော်ကီလို့ ခေါ်တဲ့ ဆက်သွယ်ရေးစက်တွေကနေ ၂၄ နာရီ လူမပြတ်ကြေညာပေးတာပါ။ (ဒီနေရာမှာ လောစပီကာတွေကို အသုံးပြုလို့လည်း ရပါတယ်။)

ပြီးတော့ ဆက်သွယ်ရေးတူးမြောင်းလို့ခေါ်တဲ့ ရင်စို့လောက်ရှိတဲ့ တူးမြောင်းတွေကို ရောက်တဲ့နေရာကနေ ချက်ခြင်းဝင်ပုန်းလို့ရအောင် တူးလိုက်ကြပါတယ်။ ဥပမာ အိပ်ရာထဲရောက်နေရင် ၂ စက္ကန့်လောက်အတွင်း အဲဒီတူးမြောင်းထဲကိုဝင်နိုင်အောင် ခြေရင်းမှာ ရင်စို့လောက်ရှိတဲ့ မြေကျင်းတူးလိုက်ပါတယ်။

အခုစာရေးနေတဲ့သူ ဘယ်လောက်ထိအဆင်ပြေသွားလဲဆိုရင် နောက်တစ်ကြိမ် အဲဒီရွာကို ရောက်တော့ စစ်အုပ်စုဘက်က လေကြောင်းကနေ ဗုံးကြဲတော့မယ်ဆိုတာကို ကြိုသိရတဲ့အပြင် စက္ကန့်ပိုင်းအတွင်း laptop ယူ၊ ပြီးတာနဲ့ ချက်ခြင်း ဆက်သွယ်ရေးတူးမြောင်းထဲဆင်းပြီး အန္တရာယ်ကင်းအောင် ပုန်းနေနိုင်တာပါပဲ။

ဒါတွေ ဘာကြောင့်ပြောရလဲဆိုတော့ အဲဒီလို အနေအထားမျိုးမရှိတဲ့ တော်လှန်ရေးနယ်မြေတွေ

တော်တော်များများရှိနေလိုပါ။ ဝေါ်ကီတော်ကီက ကြေညာချက်ကို နားညီလို့ ပိတ်ထားကြပါတယ်။

အရေးပါ အရာရောက်တဲ့လူတွေနေကြပေမဲ့ ဆက်သွယ်ရေးတူးမြောင်းတွေကို အဖြစ်တူးထားကြပါတယ်။ အလွန် အန္တရယ်များပါတယ်။ ကြိုတင်ပြင်ဆင်ကြပါလို့ ပြောချင်ပါတယ်။

ဒီနေရာမှာ ထပ်ပြောချင်တာက ဗုံးခိုကျင်း မဟုတ်ရင်တောင် ဆက်သွယ်ရေးတူးမြောင်းတွေတူးဖို့ အကြံပေးချင်ပါတယ်။ စိတ်ပါရင် Vietnam War ဆိုတဲ့ အပိုင်း ၁၀ ပိုင်း ပါတဲ့ ရုပ်ရှင်မှတ်တမ်းကားကို ကြည့်ဖို့ အကြံပြုလိုပါတယ်။ စစ်အုပ်စုရဲ့ ဗုံးကြဲမှုဟာ Vietnam War ထဲကလောက် မဆိုးသေးပါဘူး။

အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်လို့ရနေပါတယ်။ နည်းပညာတွေလည်း တိုးတက်နေပါပြီ။

စစ်အုပ်စုရဲ့ ဗုံးကြဲမှုဟာ မိုးဥတုမှာ အများကြီးမကြမ်းသေးဘူးဆိုပေမဲ့ မိုးကုန်ရင်တော့ ဒီထက်ပိုပြီး ပြည်သူလူထုကို ပိုသတ်ဖြတ်လာနိုင်ပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲအတွက်လည်း နယ်မြေတွေ သိမ်းပြဖို့ လိုအပ်နေသလို့ အကြောက်တရားထပ်သွင်းဖို့အတွက်လည်း လူထုရှိတဲ့နေရာတွေကို ရွေးပြီး ဗုံးတွေ ပိုကြဲလာနိုင်ပါတယ်။

အနီရောင်ရက်စွဲတွေ ထပ်တိုးမလာအောင် ‘လွန်ပါစေ အလွမ်းညတွေ’ မဟုတ်ဘဲ လက်တွေဖြစ်နေတဲ့ လွန်ပါစေ အနီရောင်ရက်စွဲတွေ ဖြစ်အောင် ကြိုတင်ပြင်ဆင်ကြရအောင်ပါ။

ရေးသူ – ကောက်ရိုး

မူရင်းပုံ – တောကျီးကန်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး