Homeပြည်တွင်းသတင်းဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ CI စနစ် ဖျက်သိမ်းရေး တောင်းဆို

ဘန်ကောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ CI စနစ် ဖျက်သိမ်းရေး တောင်းဆို

၁ မေ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားအဖြစ် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက စုဝေးဆန္ဒပြကြပြီး စစ်သမ္မတ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချကာ CI စနစ်နဲ့ အခွန်ကောက်ခံမှုတွေ ဖျက်သိမ်းရေး တောင်းဆိုခဲ့ကြတယ်လို့ The Reporter သတင်းဌာနက ဖော်ပြပါတယ်။

ဆန္ဒပြပွဲကို Bright Future အဖွဲ့မှ ဦးဆောင်ကာ ဘန်ကောက်မြို့ရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) ရှေ့မှာ စုဝေးကျင်းပခဲ့ပြီး အလုပ်သမားအခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ တောင်းဆိုချက်တွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်းသပိတ်မှောက်ကြဖို့နဲ့ ပြစ်တင်ရှုတ်ချဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်မဟုတ်သလို မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကိုလည်း မဖော်ဆောင်ပေးနိုင်ကြောင်း ဆန္ဒပြသူတွေက ပြောဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲအတွင်း CI စာအုပ်စနစ် ဖျက်သိမ်းရေးကိုလည်း တောင်းဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ မြန်မာအလုပ်သမားတွေကို ဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ ခေါင်းပုံဖြတ်ခြင်းတွေမှာ အသုံးပြုနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးတဲ့ စနစ်ကို ရပ်ဆိုင်းပေးရန် တိုက်တွန်းခဲ့ကြပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာလည်း ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) ကိုသာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အဓိက အထောက်အထားအဖြစ် အသုံးပြုခွင့်ပေးပြီး အခွင့်အရေးကာကွယ်မှုတွေ ပြုလုပ်ပေးရန် ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး