Homeပြည်တွင်းသတင်းဗုဒ္ဓရဲ့ အဆုံးအမတွေဟာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြောကြား

ဗုဒ္ဓရဲ့ အဆုံးအမတွေဟာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ ကုလအတွင်းရေးမှူးချုပ် ပြောကြား

၃၀ ဧပြီ ၂၀၂၆ | New Day Myanmar

ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ကျရောက်တဲ့ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ် က ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်တွေဆီ ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့ပြီး လက်ရှိကမ္ဘာ့ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဟာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေထဲမှာသာ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အဆိုပါသဝဏ်လွှာအတွင်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဖွားမြင်၊ ဗုဒ္ဓဖြစ်၊ ပရိနိဗ္ဗာန် စံသုံးပါးထူးခြားတဲ့နေ့မြတ်ကို အလေးအမြတ်ပြုကာ ကုသိုလ်ပွားများနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း နှုတ်ခွန်းဆက်ထားပါတယ်။

“အခုနှစ် ဗုဒ္ဓနေ့ဟာ လူသားမျိုးနွယ်စုတစ်ခုလုံး ပထဝီနိုင်ငံရေး တင်းမာမှု၊ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေကြားမှာ ကျရောက်နေတဲ့အချိန်ဖြစ်တယ်”လို့ အန်တိုနီရို ဂူတာရက်စ် က လက်ရှိကမ္ဘာ့အခြေအနေကို ထောက်ပြပြောဆိုပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း နီပေါနိုင်ငံရှိ လုမ္ဗိနီသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်ကိုလည်း ပြန်လည်ရည်ညွှန်းခဲ့ပြီး အဲဒီအတွေ့အကြုံကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို ပိုမိုနက်ရှိုင်းစွာ ယုံကြည်လာခဲ့တယ်လို့ ဆိုပါတယ်။

“ကြုံတွေ့နေရတဲ့ မငြိမ်မသက်မှုတွေအတွက် ဖြေဆေးကို အကြမ်းမဖက်မှု၊ ကရုဏာတရားနဲ့ အများအကျိုးဆောင်ရွက်မှုတို့မှာ ရှာတွေ့နိုင်တယ်”လို့လည်း အန်တိုနီရို ဂူတာရက်စ် က အလေးထားပြောကြားခဲ့ပါတယ်။

သဝဏ်လွှာအဆုံးတွင် လူသားအားလုံးလိုလားတဲ့ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့နိုင်တဲ့ ကမ္ဘာကြီးတည်ဆောက်နိုင်ရန် မြတ်ဗုဒ္ဓရဲ့ လမ်းစဉ်ကို လိုက်နာပြီး လူသားချင်းစာနာစိတ်ကို မြှင့်တင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားကာ မင်္ဂလာရှိသော ဗုဒ္ဓနေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး