Homeပြည်တွင်းသတင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ယခုအပတ်အတွင်း မြန်မာကို လာရောက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ယခုအပတ်အတွင်း မြန်မာကို လာရောက်မည်

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ယခုအပတ်အတွင်း ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ဝမ်ယိဟာ ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ ဒေသတွင်း ခရီးစဉ် ပြုလုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း အဆိုပါခရီးစဉ်အတွင်း ပါဝင်သွားမယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားခရီးစဉ်အတွင်း ဝမ်ယိနဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun တို့ဟာ တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ပထမဆုံးအကြိမ် ပြုလုပ်မယ့် “၂+၂ မဟာဗျူဟာဆွေးနွေးပွဲ” ကို တက်ရောက်မယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun ကတော့ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေဟာ တရုတ်ရဲ့ အိမ်နီးချင်းမိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ယခုခရီးစဉ်ဟာ ခေါင်းဆောင်တွေကြား ရှိပြီးသား သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားမှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေ၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပြီး ဝမ်ယိဟာ ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ယခုခရီးစဉ်ထဲမှာ မြန်မာနိုင်ငံ ပါဝင်လာခြင်းဟာ ဒေသတွင်း နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေ ဆက်လက်ပြောင်းလဲနေတဲ့အချိန်အတွင်း တရုတ်ရဲ့ ပါဝင်မှုကို ထပ်မံမြင်တွေ့ရတာဖြစ်ပါတယ်။

ပုံစာ – စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ်။

ဓာတ်ပုံ – AFP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး