Homeပြည်တွင်းသတင်းကန်ပိုက်တီမြို့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကို သိမ်းပိုက်ကြောင်း KIA အတည်ပြု

ကန်ပိုက်တီမြို့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၃ ကို သိမ်းပိုက်ကြောင်း KIA အတည်ပြု

၂၂ အောက်တိုဘာ၊ ၂၀၀၂၄

ကချင်ပြည်နယ်၊ တရုတ်မြန်မာနယ်စပ်က ကန်ပိုက်တီမြို့ကို လုံခြုံရေးယူပေးထားတဲ့ အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိမ့်ယိမ်းရဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာ ၂၁ ရက်မှာ တိုက်ခိုက်သိမ်းယူနိုင်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက သတင်းဌာနတွေကို အတည် ပြုပါတယ်။

ကန်ပိုက်တီမြို့ဟာ တရုတ်မြန်မာနယ်စပ်က ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်ပြီး တရုတ်ဘက်က စက်သုံးဆီနဲ့ စားသောက်ကုန်စည်တွေ စီးဝင်တဲ့ နယ်စပ် လမ်းကြောင်းဖြစ်ပါတယ်။

တပ်ရင်း ၁၀၀၃ ဟာ ကန်ပိုက်တီမြို့အနီး၊ ရှိန်ကြိုင်ရွာ၊ ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ်မှာ ရှိနေပြီး အရေးပါ တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။ ကန်ပိုက်တီ ဒေသခံတွေကတော့ နှစ်ဘက်စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အနီးတဝိုက်က ရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

ပန်ဝါအထက်ဘက်က နယ်ခြားမှတ်တိုင် ၅ နဲ့ ၆ ကြားက တပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ထားတယ်လို့ KIA ဘက်က အောက်တိုဘာလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

တပ်ရင်း ၁၀၀၃ ပြီးရင် နယ်ခြားစောင့်တပ်အနေနဲ့ ဂိတ်စခန်း အသေး ၂ ခုသာ ရှိပေမယ့် ကန်ပိုက်တီမြို့အတွင်း မှာ စစ်ကောင်စီတပ်၊ ကချင်ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချီဖွေခရိုင်ထဲမှာ နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၁၊ ၁၀၀၂ နဲ့ ၁၀၀၃ တပ်ရင်းသုံးခုရှိပြီး ၁၀၀၂ နဲ့ ၁၀၀၃ ကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာကြောင့် နယ်ခြားစောင့်တပ်ရင်းတစ်ခုထဲသာ တိုက်ဖို့ ကျန်ပါတော့ တယ်။

KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် မတ်လကတည်းက စစ်ကောင်စီ စခန်းတွေကို သိမ်းယူနေပြီး မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို သိမ်းပိုက်ထားပါတယ်။

ပုံစာ – ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်ပြီး မြင်ရစဉ်

Photo – Screengrab from video records

Related News

Most Read