၂၉ မတ် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ ဆီရှားပါးမှုတွေ ကြုံနေရတဲ့အချိန်မှာ မြန်မာနိုင်ငံကို ဆီဆက်လက်တင်ပို့နေတဲ့ ကိစ္စအပေါ် ထိုင်းပြည်သူတွေအကြား ဝေဖန်မှုတွေ ထွက်ပေါ်နေတာကြောင့် ထိုင်အစိုးရဘက်က အဆိုပါကိစ္စကို ရှင်းလင်းပြောဆိုလာပါတယ်။
ထိုင်းအစိုးရက အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှု မတည်ငြိမ်နိုင်တဲ့ အခြေအနေကို ကြိုတင်ထိန်းချုပ်ဖို့ အခြားနိုင်ငံတွေကို ဆီတင်ပို့မှုတွေကို ကန့်သတ်ထားပြီး လာအိုနဲ့ မြန်မာကိုသာ ဆက်လက်ခွင့်ပြုထားတာဖြစ်တယ်လို့ ဆိုပါတယ်။ါ
ဒီလို ဆီရှားနေချိန်မှာပင် မြန်မာကို ဆီပို့နေမှုအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာချိန်မှာ ထိုင်းဝန်ကြီးချုပ် အနုတင် က လာအိုနဲ့ မြန်မာကို ဆီပို့တာဟာ စွမ်းအင်ပူးပေါင်းမှုနဲ့ စာချုပ်ဆိုင်ရာ ကိစ္စတွေကြောင့်ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ (NESDC) အထွေထွေအတွင်းရေးမှူး ဒနုချ ပီချရနန် ကလည်း လက်ရှိမှာ လာအိုနဲ့ မြန်မာကို ဆီတင်ပို့မှုကို နေ့စဉ် လီတာ ၅ သန်းမကျော်အောင် ထိန်းချုပ်ထားပြီး အဲဒီထဲမှာ လာအိုနိုင်ငံကို ဆီလီတာ ၄ သန်းခန့် တင်ပို့ပြီး မြန်မာကို ပို့ဆောင်တဲ့ ပမာဏက လီတာ ၃ သိန်းဝန်းကျင်သာ ရှိတယ်လို့ ပြောပါတယ်။
လာအိုနဲ့ ထိုင်းကြား လျှပ်စစ်စွမ်းအင်ပူးပေါင်းမှုရှိနေပြီး ရေအားလျှပ်စစ် တင်သွင်းနေရတာကြောင့် ဆီပို့ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ပတ်သက်ပြီးလည်း သဘာဝဓာတ်ငွေ့ပို့ဆောင်မှုနဲ့ လျှပ်စစ်ထုတ်လုပ်ရေး ဆက်နွယ်မှုတွေရှိနေတဲ့အတွက် စွမ်းအင်ပူးပေါင်းမှုအရ ဆီပို့ဆောင်မှုကို ဆက်လက်လုပ်ဆောင်ရတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
တစ်ဖက်မှာတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေ ဆက်လက်တင်းမာနေခြင်းကြောင့် Hormuz ရေလက်ကြားမှ ဆီတင်ပို့မှု ထိခိုက်နိုင်တဲ့ စိုးရိမ်မှုတွေရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ LNG ဈေးနှုန်းတွေ တက်လာတာက ထိုင်းနိုင်ငံအတွက် စွမ်းအင်ကုန်ကျစရိတ်တွေ ပိုမိုတိုးလာစေနိုင်ပါတယ်။
ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ပြည်တွင်းဆီရှားပါးမှုကို ထိန်းချုပ်နေချိန်မှာတစ်ပြိုင်နက် အိမ်နီးချင်းနိုင်ငံတွေနဲ့ စွမ်းအင်ပူးပေါင်းမှုတွေကိုလည်း ဆက်လက်ထိန်းသိမ်းဖို့ ကြိုးပမ်းနေတဲ့ အခြေအနေဖြစ်နေပါတယ်။


