စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးရဲ့သတင်းဟာ ဒီကနေ့ ဇူလိုင် ၂၈ ရက်နေ့အထိ ဘယ်နေရာမှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ ဒေါ်မျိုးမျိုးအေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခွဲ အချိန်ခန့်က သူမနေထိုင်ရာ ရွှေပြည်သာ နဝရတ်လမ်းနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သမီးဖြစ်သူ မခြူးသွယ်က မနေ့က ဇူလိုင် ၂၇ ညပိုင်းမှသာ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာတာပါ။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေါ်မျိုးမျိုအေးဟာ ၃ ရက်ကျော်ကြာတဲ့အထိ ဘာသတင်းမှ မရရှိသေးဘူးလို့ New Day Myanmar ရဲ့သတင်းရင်းမြစ်တဦးက ဆိုပါတယ်။
“အခုထိ ဘာမှမကြားရသေးဘူး၊ ဧည့်စာရင်းစစ်မယ်ဆိုပြီး နေပြည်တော်ကလာတာပါလို့ ပြောသူတွေက ခေါ်ဆောင်သွားတာ အဲ့နေ့ညက တညလုံးမအိပ်ရဘူး။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒေါ်မျိုးမျိုးအေးကိုဖမ်းဆီးခေါ်ဆောင်သလို သူမရဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရုံးကိုလည်းမွှေနှောက်ရှာဖွေသွားတာခံရတယ်လို့ သိရပါတယ်။
သူမဟာ ဆီးချိုရောဂါဝေဒနာရှင်ဖြစ်ပြီး ဆေးပုံမှန်သောက်နေရတာကြောင့် မိသားစုကလည်း စိုးရိမ်နေကာ ဖမ်းဆီးခံထားရနိုင်တဲ့နေရာတွေကို လိုက်လံစုံးစမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။
ဒေါ်မျိုးမျိုးအေးဟာ စစ်အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံရပြီး ထောင် ဒဏ် ၆ လချမှတ်ခံရပြီး၊ အခုတစ်ကြိမ်ဟာ ဒုတိယ အကြိမ်ဖမ်းဆီးခံထားရတာဘဲဖြစ်ပါတယ်။
ဓာတ်ပုံ-Chue Thwel


