အသက် ၁၅ နှစ်အရွယ် စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူ တပ်သားအပါအ၀င် သုံ့ပန်း ၄ ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်း ၄ ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သုံ့ပန်းအဖြစ် ဖမ်းမိသူ ၅ ဦးရှိတဲ့ အနက် တပ်သားစိုးတာ ဆိုသူဟာ ဖမ်းဆီးခံထားရချိန်မှာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တပ်သားနေထက်လင်း ဟာ အသက် ၁၅ နှစ်သာ ရှိသေးပြီး ရန်ကုန်မှာ အကင်ရောင်းနေစဉ် စစ်တပ်က အတင်းအဓမ္မဖမ်းဆီးကာ တပ်ထဲထည့်ခဲ့တယ်လို့ ထွက်ဆိုထားပြီး စစ်ကောင်စီဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ပေါ်တာဆွဲကာ လူအင်အားဖြည့်တင်းနေတာ ထင်ရှားတယ်လို့ ဆိုပါတယ်။
ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်၊ တပ်သား ရဲကျော်ကျော်၊ တပ်သား နေထက်လင်း၊ တပ်သား ထွန်းမြေ့အေး တို့ကိုတော့ လူသားဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနဲ့ အညီ ဆက်ဆံကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ခဲ့ပြီး ဒဏ်ရာရ သုံ့ပန်းတွေကိုလည်း ဆေးကုသပေးတာကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေးချိန်မှာ လမ်းစားရိတ်အနေနဲ့ တယောက်ကို ၁ သိန်းကျပ်ဆီ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။


