စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ ခံယူချက်ပြင်းပြတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓါတ်ဟာ စံပြဖွယ်လည်းဖြစ်ပြီး စစ်အာဏာရှင်ကို တွန်းလှန်ရာမှာ အနိုင်မခံအရှုံးမပေးသောစိတ်ဓာတ်၊ ရဲရင့်သောစိတ်ဓာတ်၊ စစ်ဖိနပ်အောက်ထူးမထောက်သောစိတ်ဓာတ်တို့နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အရှိုချင်းကာကွယ်ရေးတပ် ACDF က ကြေညာပါတယ်။
ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်မှာ ၁၉၇၆ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ မနက် ၄:၀၀ နာရီအချိန်က မိဘဆွေမျိုးတွေကို အသိပေးအကြောင်းကြားတာမရှိဘဲ တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခံခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံခဲ့ရတာ ၄၉ နှစ်ပြည်ပြီဖြစ်ပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ သည် ၁၉၆၉ ခုနှစ် (၅) ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ခုနှစ်ဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ်တွင်ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းတို့မှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။
သူဟာ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီမှာ အထွေထွေအတွင်းရေးမှုးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် သခင်ကိုယ်တော်မှိုင်း ရာပြည့် အရေးအခင်းဖြစ်မြောက်ရေး ကြိုးပမ်းစဉ်အတွင်း ၁၉၇၆ခုနှစ်၊ မတ်လ (၁၉) ရက်မှာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး ဇွန်လ(၂၆)ရက်မှာတိတ်တဆိတ် ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။
ပုံစာ – အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
ဓါတ်ပုံ – ACDF


