၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ထိန်းချုပ်ရာဒေသဖြစ်တဲ့မြောက်ပိုင်း ရှမ်း-တရုတ်နယ်စပ် အနီးကမိုင်းပေါက်မြို့မှာ ယခုနှစ်အတွင်း မြေရှားသတ္တုတူးဖော်မှုတွေဟာ ၈ ဆမြင့်တက် လာတယ်လို့ ရှမ်းလူ့ အခွင့်အရေးဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဒီလို တူးဖော်လာမှုတွေကို ဂြိုလ်တုဓာတ် ပုံကတဆင့် ထုတ်ဖော်ပြသနေတာဖြစ်ပြီး၊ ဒါဟာ ဒေသတွင်းရေအရင်း အမြစ်ကို ညစ်ညမ်းစေနိုင်ဖွယ်ရှိတဲ့အခြေအနေဖြစ်တယ်လို့ ဆိုထားပါတယ်။
လွန်ခဲ့တဲ့ (၁၁) နှစ်ဝန်းကျင်ကာလမှာ မိုင်းပေါက်ဒေသအတွင်း မြေရှားသတ္တုတွင်း (၃) ခုသာရှိခဲ့ပေမယ့် အခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဂြိုလ်တုဓာတ်ပုံများရဲ့ဖော်ပြချက်အရ မြို့တောင်ဘက်မှာရှိတဲ့ တောင်ကုန်း တစ်လျှောက် မြေရှားသတ္တု တွင်း (၂၆) တွင်းကျော်အထိ ရှိနေတာကို ပြသနေတယ်လို့ဆိုပါတယ်။
အဲ့ဒီထဲကမှ သတ္တုတွင်း (၃) ခုဟာ မြို့နဲ့ (၄) ကီလိုမီတာခန့် သာ ကွာ၀ေးနေတာတွေ့မြင်ရတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
ဒီ သတ္ထုတွင်းတွေဟာ ကချင်ပြည်နယ်မှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ် ငကိုင်တဲ့ ပုံစံနဲ့ တစ်ထပ်တည်းတူညီနေတာဖြစ်ပြီး တူးဖော်ရာမှာ “in situ leaching” လို့ခေါ်တဲ့ မြေအောက်ကနေ တိုက်ရိုက်ထုတ်ယူတဲ့ နည်းလမ်းကို အသုံးပြုတူးဖော်နေကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“in situ leaching”နည်းနဲ့ တူးဖော်နေတယ်ဆိုတာကိုလည်း နယ်ခံသတ္တုတွင်း လုပ်သားတွေရဲ့ အွန်လိုင်းမှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်ကလည်း ဒီနည်းလမ်းကိုအသူံပြူလုပ်ဆောင်နေတယ်ဆိုတာရှင်း လင်းစွာပြသနေတယ်လို့ ဆိုထားပါတယ်။
ဒီနည်းလမ်းရဲ့သဘောဟာ မြေရှားသတ္တုတွေကို ထုတ်ယူရာမှာ ဓာတုပစ္စည်းတွေကို ပိုက်တွေကတစ်ဆင့် တောင်ကုန်းတွေအတွင်းကို လောင်းထည့်ပြီးတူးဖော်တဲ့စနစ်ဖြစ်ပြီး၊ ဒါဟာသဘာ၀ပတ်ဝန်း ကျင်ကို ဆိုးရွား စွာထိခိုက်စေတဲ့အပြင် မြေ ပေါ်၊ မြေအောက် ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေကာ ဒေသမှာနေ ထိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးနဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်းက ဆိုထားပါတယ်။
ဒီလိုတူးဖော်နေတာဟာလည်း UWSA နဲ့ တရုတ်နိုင်ငံအကြားဒေသတွင်း သဘော တူညီချက်တစ်ခုရှိနေတဲ့အပြင် တရုတ်ကျောထောက်နောက်ခံပြုတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေဟာ နေပြည်တော်က အာဏာပိုင်တွေကို မပါဝင်စေဘဲ တူးဖော်နေတာဖြစ်ပြီး တရုတ်နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ခွင့်ပြုထားတယ်လို့ သိရပါ တယ်။
ဒါအပြင်ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက်မှာရှိတဲ့ UWSAရဲ့ တောင်ပိုင်းနယ်မြေတွေမှာ တူးဖော်နေတဲ့ သတ္ထုတွင်းတွေလည်းရှိနေပြီး အဲဒီဒေသကထွက်ရှိတဲ့သတ္တုတွေကိုတော့ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ စစ်ဆေးရေး ဂိတ်တွေကတစ်ဆင့် ဖြတ်သန်းပြီးမှသာ တင်ပို့ခွင့်ရရှိတာဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ မိုင်းဆတ်တောင်ပိုင်း မိုင်းယွမ်းအနီး ခုတ်မြစ်အနီးက မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ ခွင့်ပြု ချက်နဲ့ တူးဖော်နေတာဖြစ်တယ် လို့ ဆိုပါတယ်။
မိုင်းပေါက်မြို့ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်း ရှမ်း-တရုတ်နယ်စပ်တစ် လျှောက် ငွေလိမ်ဂိုဏ်းလုပ်ငန်း တွေကို နှိမ်နင်းခြင်းမပြုမီက UWSA နယ်မြေမှာရှိ အဓိကဆိုက်ဘာငွေလိမ်လုပ်ငန်းဗဟို ချက်များထဲက တစ်ခုဖြစ်ခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
ဓာတ်ပုံ- SHRF


