Homeပြည်တွင်းသတင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ လေးနှစ်အတွင်း ၁၈ နှစ်အောက်ကလေးငယ် ၇၀၀ နီးပါးသေဆုံးခဲ့ရ

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လေးနှစ်အတွင်း ၁၈ နှစ်အောက်ကလေးငယ် ၇၀၀ နီးပါးသေဆုံးခဲ့ရ

၁၈ ဇန်နဝါရီ ၊၂၀၂၅

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ လေးနှစ်တာကာလအတွင်း ၁၈ နှစ်အောက်ကလေးငယ် ၇၀၀ နီးပါးသေ ဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

AAPPက ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက်ကလေးငယ် သေဆုံး မှု အရေအတွက်မှာ ၂၀၂၁ ခုနှစ်တွင် (၁၀၁) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၁၃၆) ဦး၊ ၂၀၂၃ ခုနှစ်တွင် (၂၀၈) ဦးနှင့် ၂၀၂၄ ခုနှစ်တွင် (၂၄၈) ဦး၊ စုစုပေါင်း (၆၉၃) ဦး ရှိခဲ့တာကို အမည် နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်ကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် နှစ်ဦးဖြစ် တဲ့ ကွမ်းတောင်ကျေးရွာသား မောင်မျိုးဇော်ထွန်း၊ တန်းခိုးကျေးရွာသူ မဦးဆန်းနွယ်နဲ့ ယိုးတရုပ်ကျေးရွာသူ ဒေါ်မ သာလှ တို့သုံးဦးတို့ ဗုံးစထိမှန် သေဆုံးခဲ့ကြပြီး ယိုးတရုပ်ကျေးရွာသား ကိုလှဖြူနဲ့ စံပြရပ်ကွက်နေ အသက် ၉ နှစ်အရွယ် မောင်မျိုးဟိန်းအောင်တို့လည်း ဗုံးစထိမှန်ဒဏ်ရာနဲ့ ဆေးကုသရန် ပို့ဆောင်နေစဉ် လမ်းခုလတ်မှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် နေ့အထိ စစ်အုပ်စုရဲ့ အကြမ်း ဖက်လုပ်ရပ်တွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း (၆၁၈၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။

Photo – TNLA

ဆက်စပ် သတင်းများ

Most read