Homeပြည်တွင်းသတင်းနမ့်ခမ်းက မူဆယ်ကို ကုန်စည်သယ်ယူခွင့် TNLA ပြန်ဖွင့်ထား

နမ့်ခမ်းက မူဆယ်ကို ကုန်စည်သယ်ယူခွင့် TNLA ပြန်ဖွင့်ထား

၂၄ ဒီဇင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်းက မူဆယ်ကို ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားတဲ့ TNLA ဘက်က ဒီဇင်ဘာ ၁ ရက်ကစပြီး ပိတ်ထားပေမယ့် အခု ပြန်ဖွင့်ပေးထားကြောင်း ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။

နိုဝင်ဘာလ ၂၇ ရက်မှာ မူဆယ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီက နမ့်ခမ်းဘက်ကို ကုန်စည်သယ်ယူခွင့် ပိတ်ထားတဲ့အတွက် နမ့်ခမ်းလမ်းကို ဖြတ်ပြီး ကုန်သယ်ခွင့်ကို ဒီဇင်ဘာ ၁ ရက်မှာ TNLA ဘက်က ပိတ်ပင်ထားတာဖြစ်ပါတယ်။ မူဆယ်ဘက်ကတော့အခုထိ ကုန်စည်ပေးမဖြတ်ဘူးလို့ ဒေသခံကားသမားတွေက ဆိုပါတယ်။

“ဖွင့်ထားတာတော့ တစ်ရက် နှစ်ရက်ရှိပြီ။ ကားတွေကို ကုန်ကားတို့ ကားကြီးတို့ ပေးမဖြတ်တာပါ။ စားသောက်ကုန်တွေက ကားသေးလေးနဲ့တော့ ပေးဖြတ်ပါတယ်။ အရင်ထက်စာရင် နမ့်ခမ်းဘက်ကတော့ သယ်ရတာ သိပ်တော့ မတင်းကြပ်ထားပါဘူး။ စစ်ကောင်စီဘက်ကတော့ ဘာမှ တင်လို့မရသေးဘူး ” လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ဒေသတွင်းအခြေအနေတွေက တရုတ်နဲ့ သွားပြီး ဆွေးနွေးထဲက တိုက်ပွဲအခြေအနေတွေ ပြန်ပြီး ငြိမ်သက်နေတယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် တိုင်းရင်းသားတပ်တွေဘက်က အစစ်အဆေးကလည်းအရင်ထက်စာရင် ဖြတ်သန်းရတာ အဆင်ပြေတယ်လို့ ပြောပါတယ်။ မူဆယ်ဘက်ကနေ ဒီဇင်ဘာ ၂၃ရက်အထိ ပိတ်ပင်ထားတယ်လို့ ပြောပေမယ့် ဒီဇင်ဘာ ၂၄ ရက်မှာလည်း နမ့်ခမ်းဘက်ကို စားသောက်ကုန်တွေ ပေးမသယ်သေးဘူးလို့ သိရပါတယ်။

တရုတ်အစိုးရက ဖိအားပေးတာကြောင့် ဝဒေသကနေ ကိုးကန့်ဘက်ကို ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ထားပြီး ကိုးကန့်ဘက်ကလည်း ဝ ဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မူဆယ်မြို့ ဆင်ဖြူဂိတ်ကနေ ကုန်ပစ္စည်းသယ်ယူတာကိုလည်း တရုတ်အစိုးရက နိုဝင်ဘာလ ၃၀ရက်မှာ ပြန်ဖွင့်ပေးပြီး တနိုင်သယ်ယူခွင့် ပေးထားတာ ဖြစ်ပါတယ်။

ပုံစာ – မူဆယ်မြို့ ဆင်ဖြူဂိတ်(ပုံဟောင်း)

Photo – MOI

ဆက်စပ် သတင်းများ

Most read