၁၉ ဒီဇင်ဘာ၊ ၂၀၂၄
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့အတင်းအကြပ် လူစုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးဟာ လက်နက် ခဲယမ်းတွေ ယူဆောင်လာပြီး KNDFမှာ ခိုလှုံခဲ့ကြတယ်လို့ KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်မှာ ကရင်နီပြည် ရှေ့တန်းနယ်မြေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ KNDF ဆီကို ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံတာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ MA-1 သေနတ် (၃) လက်နဲ့ ခဲယမ်းတွေကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့နဲ့ လူတစ်စုကောင်းစားဖို့ ပေးဆပ်နေရတဲ့ဘဝနဲ့ ပြည်သူကို ကျောခိုင်းထားတာမျိုးမလုပ်ဘဲ ဘက်ပြောင်းခိုလှုံလာဖို့ တိုက်တွန်းတယ်လို့ KNDF က ဆိုထားပါတယ်။
ပြည်သူ့ရင်ခွင်ကလည်း စစ်မှုထမ်းလူသစ်စုဆောင်းမှု တကျော့ပြန် အရှိန်မြင့်တက်လာတဲ့အတွက် အတင်းအဓမ္မ စုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ လာရောက်ဆက်သွယ်တိုင်ပင်နိုင်ကြောင်းနဲ့ ဘေးကင်းလုံခြုံရာကို ထွက်ပြေးနိုင်ဖို့ ကူညီပေးမယ့်အကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
Photo – KNDF ဗဟို သတင်းနဲ့ပြန်ကြားရေး