၁၇ ဒီဇင်ဘာ၊ ၂၀၂၄
၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူ သန်း ၂၀ နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) က ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ပါတယ်။
အရေးပေါ် အကူအညီလိုနေသူ ၅ ဒသမ ၅ သန်းအတွက် ဒေါ်လာ ၁ ဘီလျံသုံးစွဲနိင်ဖို့ မျှော်မှန်းထားကြောင်း UNOCHA က ပြောပါတယ်။ လက်ရှိအချိန်မှာ မြန်မာပြည်သူတွေအတွက် ရံပုံငွေ ဒေါ်လာ သန်း ၃၀၀ ကျော်ပဲရထားသေးတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အကြပ်အတည်းကြား ရှင်သန်နေရသူ လူဦးရေမှာ ၅သန်းခွဲရှိပြီး အဲဒီလူတွေရဲ့ လူမှုဘဝ ရှင်သန်နိုင်ဖို့အတွက် အကူအညီများ ပေးအပ်ဖို့ UNOCHA က တောင်းဆိုထားပါတယ်။ရရှိတဲ့အလှူငွေတွေကို အစားအစာဖူလုံဖို့၊ ပညာရေး၊ ကျန်းမာရေး နဲ့ အမိုးအကာရရှိရေးတွေမှာအသုံးပြုသွားမယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးရှောင် ၃ ဒသမ ၅ သန်း ရှိပြီး စားနပ်ရိက္ခာလိုအပ်နေသူက ၁၅ သန်းကျော်ရှိတယ်လို့ UNOCHA က ပြောဆိုပါတယ်။ဒါ့အပြင် အမိုးအကာမရှိတဲ့၊ သောက်သုံးရေသန့်မရရှိတဲ့လူပေါင်း တစ်သန်းကျော်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာပြည်သူတွေအနေနဲ့ လူသားချင်းဆိုင်ရာအကူအညီလိုအပ်သူ နှစ်စဥ်တိုးနေပြီး ၂၀၂၁ ခုနှစ်က ၂.၁ သန်းရှိခဲ့တာကနေ ၂၀၂၅ အရောက်မှာ သန်း ၂၀ နီးပါးအထိရောက်လာမယ်လို့ UNOCHA က ခန့်မှန်းထားပါတယ်။
ပုံစာ – အညာဒေသစစ်ရှောင်ပြည်သူများကို မြင်ရစဉ်(ပုံဟောင်း)
Photo – ဆည်းဆာ