၁၃ ဒီဇင်ဘာ၊ ၂၀၂၄
ဒီဇင်ဘာလအတွင်းမှာ တရုတ်မြန်မာနယ်စပ်က တော်လှန်ရေးအဖွဲ့တွေကို တရုတ်အာဏာပိုင်တွေက တရုတ်နိုင်ငံထဲ ခေါ်ယူဆွေးနွေးခဲ့ပြီးနောက်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံကို UWSA၊ TNLA ၊ KIA စတဲ့ မြောက်ပိုင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ တရုတ်ဘက်က တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၁ရက်က အာရက္ခတပ်တော် AA နဲ့ ထိန်ချုံးမြို့မှာ တွေ့ဆုံပြီး ၊ ဒီဇင်ဘာလ ၃ရက်က UWSA ၊ ဒီဇင်ဘာလ ၈ရက်က TNLA ၊ ဒီဇင်ဘာလ ၁၁ရက်က KIA စတဲ့အဖွဲ့တွေနဲ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် MNDAA နဲ့စစ်ကောင်စီတို့ ဒီဇင်ဘာ ၁၅ ရက်မှာ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံညှိနှိုင်းဖို့ စီစဉ်ထားပါတယ်။
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာ တရုတ်နိုင်ငံမှာ အကျယ်ချုပ်ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပြီးနောက်မှာ MNDAA က ငြိမ်းချမ်းရေးကိုလိုလားပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းဖို့ အသင့်ဖြစ်နေကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။ ဖုန်တာရွှင်ဟာ ကိုးကန့်နယ်ထဲပြန်ရောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် MNDAA ဘက်က တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ပုံစာ – ကိုးကန့်ဒေသတစ်ခုလုံး စစ်အာဏာရှင်စနစ်အောက်မှအလုံးစုံလွတ်မြောက်မှု အောင်ပွဲကို TNLA၊ MNDAA၊ AA ခေါင်းဆောင်များ တက်ရောက်စဉ် (ပုံဟောင်း)
Photo – TNLA