Homeပြည်တွင်းသတင်းတရုတ်-မြန်မာနှစ်နိုင်ငံပေါင်းပြီး အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့တယ်လို့ တရုတ်ပြောဆို

တရုတ်-မြန်မာနှစ်နိုင်ငံပေါင်းပြီး အကြီးစားအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့တယ်လို့ တရုတ်ပြောဆို

၂၂ နိုဝင်ဘာ၊ ၂၀၂၄

UWSA ဝ တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်ဂိုဏ်း)တွေကို ဖမ်းဆီးပြီး တရုတ်တရားခံတွေကို အပ်ခဲ့ပြီးနောက်မှာ တရုတ် မြန်မာနှစ်နိုင်ငံပေါင်းပြီး အကြီးစား အွန်လိုင်း ငွေ လိမ်လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေတဲ့လူ တစ်ထောင်ကျော်ကို UWSA “ဝ” တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး ဖမ်းမိသူတွေထဲက တရုတ်နိုင်ငံသား ၇၆၃ ယောက်ကို တရုတ်နိုင်ငံဘက်ကို ပြန်လွှဲပေးခဲ့ပါတယ်။

ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၇၆၃ ယောက်ထဲမှာ တရားခံပြေး ၆၉ ယောက် ပါဝင်ပြီး သံသယရှိသူတွေနဲ့ ဆက် စပ်တဲ့ အထောက်အထားတွေကိုလည်း တရုတ်နိုင်ငံကို ဝ တပ်ဖွဲ့က လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းရာဇဝတ်မှုတွေ များလာတဲ့နောက်ပိုင်း ၂၀၂၃ ခုနှစ်ကစလို့ ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်တဲ့လှုပ်ရှားမှုကို တရုတ်က စတင်ခဲ့ တာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံသား ၅၃,ဝဝဝ ကျော်ကို ဖမ်းဆီးထား တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် အရေးယူနှိမ်နင်းလာတာကြောင့် တန့်ယန်း၊ မြဝတီနဲ့ ဝမ်ဟိုင်းဒေသတို့လို နယ်မြို့တွေဆီ ရွှေ့ပြောင်းလုပ်ကိုင်ကြတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းပေါင်း တစ်ထောင်ကျော်မှာ နေ့စဉ် လူပေါင်း တစ်သိန်းကျော် လုပ်ကိုင် နေတယ်လို့ တရုတ်အစိုးရသတင်းမှာ ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနတာဝန်ရှိသူ တစ်ဦးက သူတို့အနေနဲ့ အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်နှိမ်နင်းသွားမှာဖြစ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ဆင်ဟွာသတင်းကို ပြောထားပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချန်းက အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီလဆန်းက တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

ပုံစာ – နိုဝင်ဘာ ၁၇ ရက်က တန့်ယန်းကကျားဖြန့်လုပ်ငန်းတွေကို ဝင်စီးပြီး တရုတ်ဘက်ကို တရားခံတွေ ပြန်လွှဲပေးနေစဉ်
Photo – Wa News Land

ဆက်စပ် သတင်းများ

Most read