၁၉ နိုဝင်ဘာ၊ ၂၀၂၄
ရခိုင်ပြည်နယ်က တိုက်ပွဲတွေ ပြန်လည်စတင်တဲ့ တစ်နှစ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက် ခံ အဖွဲ့အစည်းတွေကြောင့် အရပ်သား ၇၃၅ ဦး သေဆုံးပြီး ၁၅၆၉ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က နိုဝင်ဘာ ၁၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်အထိ ကောက်ယူထားတာ ဖြစ်ပြီး တိုက်ပွဲမဖြစ်သေးတဲ့ မာန်အောင်မြို့နယ်ကလွဲရင် ရခိုင်ပြည်နယ်တစ်ခုလုံး အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်မှာ အရပ်သားသေဆုံးမှု ၁၀၈ ဦးနဲ့ အများဆုံးဖြစ်ပြီး ဘူးသီးတောင်မြို့နယ်မှာ ၁၀၄ ဦးနဲ့ မောင်တောမှာ ၈၅ ဦးအထိ ရှိတယ်လို့ HDCO က ဖော်ပြပါတယ်။
“သေတဲ့သူတွေလည်းရှိတယ် တစ်ချို့လည်း မိသားစုတွေလည်းလည်း တစ်ကွဲတစ်ပြားပဲ အခုဆိုရင် ကျွန်မက တစ်နေရာ သမီးတွေက တစ်နေရာ သားကတစ်နေရာဖြစ်နေပြီ နေရေးထိုင်ရေးအဆင်ပြေပါမလားထက် မသေ အောင်နေကြဖို့ပဲ ပြောနိုင်တော့တယ်လို့ “ ဂွမြို့မှ စစ်ရှောင်နေသူ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ကတော့ ၎င်းတို့ကြောင့် အရပ်သားထိခိုက်မှုရှိမရှိကို စာရင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။ တိုက်ပွဲတွေကြောင့် လူငါးသိန်းခွဲ ခန့် အိုးအိမ်စွန့်ခွာခဲ့ရသလို နေအိမ် ၆၄၀၀ ကျော်၊ တံတား ၂၈ စင်း၊ ဆေးရုံ ဆေးခန်း ၁၂ ခု၊ ဈေး ၂၁ ခုနဲ့ INGO ရုံး ငါးခု ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
AA ကရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှာ ၁၀ မြို့နယ်ကို သိမ်းပိုက်ထားပြီး ၄ မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေပါတယ်။ AAထိုးစစ်မဆင်သေးတဲ့ ၃ မြို့နယ်မှာ ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့ နယ်တို့ ဖြစ်ပါတယ်။
ပုံစာ – ရခိုင်စစ်ဘေးရှောင်များ (ပုံဟောင်း)
Photo – CJ