၆ နိုဝင်ဘာ၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က (၃)ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ်အများအပြားပျက်စီးခဲ့ရတယ်လို့ TNLA က ထုတ်ပြန်အသိပေးလာပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ မြောင်ဇီးရွာကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့၊ နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် နှစ်ကြိမ် လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့ နံနက်ပိုင်းကလည်း ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအလုံးရေ (၂၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ဆမ္မဆယ်ကျေးရွာက ဒေသခံနေအိမ်(၄)လုံး ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၃)ရက်နေ့တွင်လည်း အဆိုပါ ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ကပဲ ပြည်သူတွေကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ် (၂)လုံး ပျက်စီးခဲ့ရပါတယ်။
ဆက်လက်ပြီး နိုဝင်ဘာလ (၂)ရက်နေ့တွင်လည်း နောင်ချိုမြိုနယ် ဘူတာရပ်ကွက် (၅)ကတ္တီပင်ဘုန်းကြီးကျောင်း အနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက် ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – PSLF/TNLA