၁ နိုဝင်ဘာ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ ၅ ရဲ့ ထိန်းချုပ်သိမ်းပိုက်နယ်မြေ ဖြစ်တဲ့ ကွတ်ခိုင်မြို့ မှာ စစ် ကောင်စီက နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မနက် ၃ နာရီခွဲဝန်းကျင်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းက ဗုံး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက်(၃း၂၈)မိနစ်မှာ တစ်ကြိမ်၊ (၃း၃၃)မိနစ်မှာ တစ်ကြိမ်၊ (၃း၃၈)မိနစ်မှာတစ်ကြိမ် လေကြောင်းက ဂျက်ဖိုက်တာ(၂)စီးနဲ့ (၃)ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ရပ်ကွက်(၂)က အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ (န.တ.လ) ကျောင်း၊ EPC ရုံး၊ Asia World တိုးဂိတ်အနီးနဲ့ ယူကလစ်တောအနီးတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးပတ်ဝန်းကျင်က ကျွဲ(၁)ကောင်သေဆုံးကာ ဌာနဆိုင်ရာအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မပေါက်ကွဲသေးသည့် ဗုံး(၁)လုံးလည်း ကျန်နေပြီး PSLF/TNLA က တာဝန်ရှိသူတွေက ဖယ်ရှားပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ(၅)ရက် ညနေ ၃ နာရီဝန်းကျင်ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ရှိ မြို့မစျေးအပါအဝင် ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ တို့ကို လေကြောင်းက ပေါင် ၅၀၀ ဗုံး ၇ လုံး ကြဲချတိုက်ခိုက်တဲ့အတွက် ဒေသခံပြည်သူ (၆)ဦး သေဆုံးပြီး (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ မြို့မစျေးက ဆိုင်ခန်းပေါင်း ၄၀၁ ခန်းနဲ့ လူနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။
Photo – PSLF/TNLA