၃၁ အောက်တိုဘာ၊၂၀၂၄
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မှာ ၂ လအတွင်း အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAAက အောက်တိုဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်မှစပြီး စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေ ကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလကုန်ပိုင်းအထိ ၂လတာအတွင်း အရပ်သား ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြထားခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး လူနေအိမ် အဆောက်အအုံများ၊ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လမ်းများ၊ ပြည်သူလူစုဝေးရာ နေရာတွေနဲ့ အများသုံးအခြေခံအဆောက်အအုံတွေဖျက်ဆီးခံခဲ့ရကြောင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာမှာ ဒေသတွင်းဘာသာရေး အဆောက်အအုံတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခံလာရတယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာအတွင်း တရုတ် ကွမ်ရင်ဘုရားကျောင်း၊ သာသနာ ၂၅၀၀ ပြည်လုံးချမ်းသာ စေတီတော်၊ အီနိုင်းရွာခရစ်ယာန်ဘုရားကျောင်း နဲ့ သိန္နီရှိ ခရစ်ယာန်ဘုရားကျောင်းကိုလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့လို့ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် တိုက်ပွဲမရှိတဲ့ ကာလတွင် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု လုံး၀ မလုပ်သင့်ဘူးလို့လည်း MNDAA က ဆိုထားပါတယ်။
ပုံစာ- လားရှိုးမြို့ရှိ စာသင်ကျောင်း တစ်ခုအား စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ထားပုံ
Photo – Lashio Reconstruction