၃၀ အောက်တိုဘာ ၊ ၂၀၂၄
အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်က ဥပဒေမဲ့ ကွပ်မျက်စီရင်မှုတွေအပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်နေတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ရဲ့ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာမှာ အခုလို ထည့် သွင်းဆွေးနွေးခဲ့တာပါ။
၃ နှစ်ခွဲကျော်ကာလအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီက ဥပဒေမဲ့ ကွပ်မျက်စီရင်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများနဲ့ ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို ကျူးလွန်ခဲ့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ဆဲ အကြမ်းဖက်မှုများနဲ့ ဥပဒေမဲ့ သတ်ဖြတ်ခြင်းများက အသက်ရှင်နေသူများရဲ့ ဘေးကင်းလုံခြုံရေးကို လျော့ပါစေရုံ သာမက သေဆုံးသူများရဲ့ ဂုဏ်သိက္ခာကိုလည်း မျက်ကွယ်ပြုရာရောက်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနဲ့ လူငယ်များကို သတ်ဖြတ်ခဲ့ကြောင်း၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနဲ့ သတင်းထောက် များရဲ့ အသံများကို ဖိနှိပ်ခဲ့တဲ့နည်းတူ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အတင်းအကျပ် ပျောက်ကွယ်စေခြင်းနဲ့ ညှဉ်းပန်း နှိပ်စက်မှုတို့ကိုလည်း ဆက်လက် ကျူးလွန်လျက်ရှိကြောင်းနဲ့ မြန်မာပြည်သူများ အတွက်စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မရှိတာကို တွေ့မြင်ရတဲ့အတွက် ဝမ်းနည်းစိတ်ပျက်မိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေ ၊ LGBTQ+ များအပါအဝင် အရပ်သား ပြည်သူများအပေါ်ကို အကြမ်းဖက်စစ်ကောင်စီက ညှဉ်းပန်းနှိပ်စက်တာ၊၊ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်တာနဲ့၊ လူမဆန်တဲ့ ဆက်ဆံမှုတွေကို လုပ်ဆောင် နေတာပါ။ ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ ၊ တရား လက်လွတ် ကွပ်မျက်တာ နဲ့ ခေါင်းဖြတ်တာတွေကို မှတ်တမ်းအနေနဲ့ ရယူထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။