၂၈ အောက်တိုဘာ၊ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နဲ့ကျေးရွာတွေကို စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၃၉ ဦး၊ ဒဏ်ရာရသူ ၆၇၂ ဦး၊ စုစုပေါင်း ပြည်သူ ၁ဝ၁၁ ဦး သေဆုံးတာနဲ့ ဒဏ်ရာရတာတွေဖြစ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်- HRANက အောက်တို ဘာ ၂၇ ရက် ၁၀၂၇ တစ်နှစ်ပြည့်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁ဝ၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၂ဝ ဦးထိ ရှိတယ်လို့ HRAN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစာရင်းဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ လောက်ကိုင်၊ မိုးကုတ်၊ မိုးမိတ်အပါအဝင် ၁၄ မြို့က သေဆုံးဒဏ်ရာရသူစာရင်းကို ကောက်ယူထားတာလို့ ဆိုပါတယ်။
တစ်နှစ်တာအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေရဲ့ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးတွေအပါအဝင် စုစုပေါင်းအဆောက်အအုံပေါင်း တစ်ထောင့်ကိုးရာကျော် (၁၉၀၉) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
HRAN က နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ဆောင်ရွက်တာတွေ မလုပ်ဖို့၊ စစ်ကောင်စီ အထောက်အပံ့ဖြစ်စေမယ့် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်ဖို့၊ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမရောင်းချဖို့၊ စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေကို ချိတ်ဆက်ကူညီပေးဖို့၊ အိမ်နီးချင်းနိုင်ငံတွေက စစ်ကောင်စီကို စီးပွားရေးနိုင်ငံရေးအရမပူးပေါင်းဖို့၊ စစ်ကောင်စီကို အပြစ်ပေးအရေးယူဆောင်ရွက်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ဒေသတွင်း CSO တွေကို တိုက်ရိုက်ချိတ်ဆက်ကူညီဖို့ စတဲ့ အချက်ခုနစ်ချက်ကို တိုက်တွန်းတောင်းဆိုထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့၊ တအာင်းဥပဒေအထောက်အကူပြုဖောင်ဒေးရှင်း၊ ပေါင်းစည်းအားအင်စတီကျူ့၊ New Star Law Firm တို့က ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Photo – HRAN