၈ အောက်တိုဘာ၊ ၂၀၂၄
KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေ ပြောဆိုမှုအရ သိရပါတယ်။
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း မြောက်ပိုင်းက ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတုန်းဖြစ်ပြီး KIA ဘက်က တရားဝင် သတင်းထုတ်ပြန် ကြေညာတာမျိုး မရှိသေးပါဘူး။
ပင်လည်ဘူးမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ KIA နဲ့ PDF တပ်တွေက ပထမအကြိမ် တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး ရက်အနည်းငယ်အကြာမှာ စစ်ကောင်စီရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ဒုတိယအကြိမ်ပင်လည်ဘူးမြို့ သိမ်းပိုက်ရေးကိုတော့ ဩဂုတ်လလယ်ကစတင်ခဲ့ပြီး ၂ လနီးပါးကြာမှ ပင်လည်ဘူးမြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က ပင်လည်ဘူးမြို့ကို မကျစေဖို့ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ဝန်းသိုဘက်က စစ်ကူအင်အား အများအပြား ဖြည့်တင်းခဲ့တဲ့အပြင် ပင်လည်ဘူးမြို့မရဲစခန်းမှာ အထိုင်စခန်းချပြီး နောက်ဆုံးခံစစ်အဖြစ်ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းက ပစ်ကူပေမယ့် KIA နဲ့ PDF တပ်တွေရဲ့ ထိုးစစ်ဗျူဟာကို မခံနိုင်တော့ဘဲ နောက်ဆုံးတော့ ရဲစခန်းနဲ့ မြို့ကို KIA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ ပင်လည်ဘူး၊အင်းတော် ၊ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေမှာ PDFတပ်ဖွဲ့ဝင်ထောင်ချီ ပါဝင်တိုက်ခိုက်နေကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ် ။ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သတ်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။ မြန်မာနိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၈၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
Photo – စစ်ကောင်စီ