Homeပြည်တွင်းသတင်းလားရှိုးမြို့ကို နှစ်ရက်ဆက်တိုက် ညသန်းခေါင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ကို နှစ်ရက်ဆက်တိုက် ညသန်းခေါင်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

၂၅ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၄ ရက် သန်းခေါင်အချိန်နဲ့ စက်တင်ဘာ ၂၅ ရက် ဒီနေ့ သန်းခေါင်အချိန်တွေမှာ နှစ်ရက်ဆက်တိုက် ဗုံးကြဲလိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလေတပ်ဟာ ဒီနေ့မနက် ၂း၁၅ ၊ ၂း၁၈ နဲ့ ၂း၂၂ မိနစ်တို့မှာ ဗုံး ၃ ကြိမ် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ ရပ်ကွက် ၁၂ က လားရှိုးမြို့ နည်းပညာအထက်တန်းကျောင်းဝင်းထဲကို ဗုံး ၁ လုံးနဲ့ AT တပ်ဦးကျောင်းထဲကို ဗုံး ၂လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဒေသခံတွေက ဆိုပါတယ်။ အပျက်အစီးနဲ့ လူထိခိုက်ဒဏ်ရာရမှုတွေကိုတော့ အတည်ပြု စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မနေ့က စက်တင်ဘာ ၂၄ ရက်မှာလည်း မနက် ၁ နာရီခွဲမှာ တစ်ကြိမ် ၊ မနက် ၄ နာရီမှာ တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူအမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလအတွင်း လားရှိုးမြို့ကို ဗုံး ၅ ည ထက်မနည်း ကြဲချတာ ဖြစ်ပြီး ဗုံးကြဲတဲ့နေရာတွေဟာ ရုံး၊ ကျောင်း၊ အားကစားကွင်း နဲ့ လူအများစုတည်းခိုနေတဲ့ ဟိုတယ်တွေ ဖြစ်ပြီး အခြေခံအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တမင်ဖျက်ဆီးနေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ဆိုပါတယ်။

“ရပ်ကွက် ၁၂ ကို ကြဲသွားတာ ၊ အစတွေက ကချင်ကုန်းဘက်ထိတောင် ရောက်တယ်လို့ ပြောတယ်။ ပြင်းအားများတယ်။ မနက် ၃ နာရီထိ လေယာဉ်တွေ ဝဲနေတာ ၊ သူတို့မအုပ်ချုပ်ရရင် တမြို့လုံးကုန်ပစေ၊သေပစေဆိုတဲ့ စိတ်နဲ့ ဗုံးကြဲတာပါ”လို့ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လေယာဉ် စက်ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချခြင်းမပြုဖို့ နိုင်ငံတကာကို ပိတ်ပင်ထားတဲ့ကြားက စစ်ကောင်စီဟာ ဗီယက်နမ်၊ စင်ကာပူကတဆင့် ရေကြောင်းကနေ လေယာဉ်ဆီတင်သွင်းနေတယ်လို့ Justice For Myanmar ရဲ့ စုံစမ်းတွေ့ရှိချက်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပုံစာ – စက်တင်ဘာ ၂၅ ရက် လားရှိုးမြို့တိုက်ခိုက်ခံရတဲ့မြင်ကွင်း

Photo – FYV

ဆက်စပ် သတင်းများ

Most read