Homeပြည်တွင်းသတင်းအကျဉ်းသားတွေကို သေဒဏ်ချပြီး ကွပ်မျက်တာဟာ ကြီးလေးတဲ့ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂရဲ့ IIMM အကြီးအကဲ ထုတ်ပြန်

အကျဉ်းသားတွေကို သေဒဏ်ချပြီး ကွပ်မျက်တာဟာ ကြီးလေးတဲ့ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂရဲ့ IIMM အကြီးအကဲ ထုတ်ပြန်

၂၃ စက်တင်ဘာ၊ ၂၀၂၄

အမျိုးသမီးတစ်ဦးအပါအဝင် နွေဦးတော်လှန်ရေးသမား ၅ဦးကို စက်တင်ဘာ ၂၄ ရက်မှာ ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပျံ့နှံ့နေတာကြောင့် အကျဉ်းသားတွေကို သေဒဏ်ချပြီး ကွပ်မျက်တာဟာ ကြီးလေး တဲ့ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂရဲ့ IIMM အကြီးအကဲ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား- IIMM ရဲ့ ကြေညာချက်ထဲမှာ အများပြည်သူရှေ့ တရားစီရင်တာမျိုးမရှိဘဲ ထောင်တွင်းတံခါးပိတ် တရားစီရင်ပြီး သေဒဏ်ချမှတ်နေတယ်ဆိုတဲ့ သတင်းတွေကို သေချာစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ထဲမှာ လျှို့ဝှက်စွာ အမှုစစ်ဆေးခဲ့ပြီး သေဒဏ် ချမှတ်ကာ မနက်ဖြန် စက်တင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီက ကွပ်မျက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမျိုးသမီးငယ်တစ်ဦးအပါအဝင် သေဒဏ်ချမှတ်ခံရသူ ၅ ဦးဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ရန်ကုန်မြို့ပတ်ရထားပေါ်က ရဲတွေကို သေနတ်နဲ့ ပစ်ခတ်မှုအတွက် ပါဝင်ပတ်သတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အဖမ်းခံထားရတာ ဖြစ်ပါတယ်။

ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ ၅ ဦးကို အကြမ်း ဖက်ဥပဒေ၊ လက်နက်ဥပဒေတို့နဲ့ တရားစွဲဆိုခဲ့ပြီး မသေမချင်း ကြိုးပေးသတ်ဖို့ လှိုင်မြို့နယ် တရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

အင်းစိန်ထောင်ထဲမှာ ကြိုးစင်ကို သန့်ရှင်းရေးလုပ်တာ၊ ကန်တော့ပွဲ ထိုးနေတာတွေ လုပ်နေကြတယ်လို့ သတင်း တွေ ထွက်ပေါ်နေတဲ့အတွက် မိသားစုတွေက စိတ်ပူနေကြသလို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စစ်ကောင် စီကို သေဒဏ်စီရင်ခြင်းမပြုဖို့ တားမြစ်နေပါတယ်။

IIMM က တရားမျှတတဲ့ အမှုစစ်ဆေးစီရင်မှုအတွက် လိုအပ်တဲ့အခြေခံအချက်တွေကို မကျင့်သုံးဘဲ ချုပ်နှောင်အကျဉ်းချ သေဒဏ်ပေးတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကြေညာပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း သေဒဏ် အမိန့် ချမှတ်ခံထား ရတဲ့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကို ပြစ်ဒဏ်ကနေရုတ်သိမ်းပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စက်တင်ဘာ ၁၉ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

APHR ဥက္ကဋ္ဌ Ms.Barends ကလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ကာလ အတွင်းမှာ ရှေ့နေတွေနဲ့ တွေ့ခွင့်ပြုဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုထား ပါတယ်။

APHR ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိ မလေးရှားလွှတ်တော်မှာအမတ်တစ်ဦးဖြစ်တဲ့ Wong Chen က စစ်ကောင်စီအနေနဲ့ သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းဖို့ ကြီးလေးတဲ့ ပြစ်ဒဏ် တွေ ချမှတ်ပြီး ဖိနှိပ်ပြတာက လက်ခံနိုင်ဖွယ်မရှိတဲ့အပြင် အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၁၆၀ကျော်ကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားပါတယ်။ အများစုဟာ တရားရုံးမှာ တရားစီရင်ခြင်းမပြုဘဲ ထောင်တွင်းတံခါးပိတ် စီရင်ချက်ချတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

Photo – UN IIMM

ဆက်စပ် သတင်းများ

Most read