Homeပြည်တွင်းသတင်းတိုက်ပွဲအတွင်း အရပ်သားတွေကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို ပြန်မပေးဘဲယူထားတဲ့ ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူမယ်လို့ AA ထုတ်ပြန်

တိုက်ပွဲအတွင်း အရပ်သားတွေကျန်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတွေကို ပြန်မပေးဘဲယူထားတဲ့ ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူမယ်လို့ AA ထုတ်ပြန်

၁၄ စက်တင်ဘာ၊၂၀၂၄

အာရက္ခတပ်တော်(AA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေကျန်ရစ်ခဲ့တဲ့ ရွှေ၊ငွေနဲ့ အဖိုးတန်ပစ္စည်း တွေကို ယူထားတဲ့ အကျင့်ပျက်တပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို အပြစ်ပေး အရေးယူမယ်လို့ အေအေက ထုတ် ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲတွေအတွင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ ရဲ့ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာ တွေ ပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး ကာယကံရှင်တွေရဲ့ တိုင်တန်းချက်တွေရှိခဲ့တယ်လို့လည်း AA ဆိုပါတယ်။

AA အနေနဲ့ တိုက်ပွဲတွေအတွင်း လိုက်နာကျင့်သုံးရမဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့ ပြည်သူတွေရဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ဖို့ တိတိကျကျ ပြဋ္ဌာန်းညွှန်ကြားထားပြီးသားလို့လည်း AA က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ပစ္စည်းတွေကို ရှာဖွေပြီး မူလပိုင်ရှင်တွေလက်ထဲပြန်ထည့်ပေးခဲ့သလို ပျောက်ဆုံးနေသေး တဲ့ ပစ္စည်းတွေကိုလည်း ဆက်ရှာဖွေနေတယ်လို့လည်း AA က ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အရပ်သားတွေရဲ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို အပ်နှံဖို့နဲ့ အလွဲသုံးစားလုပ်ထားသူတွေကို အပြစ်ပေး အရေးယူမယ်လို့လည်း AA က သတိပေးထားပါတယ်။

မြို့တွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့ တိုက်ပွဲကာလတွေ အတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူနေအဆောက်အဦတွေ အပျက်အစီးပိုများ ခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်(AA ) ဟာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မောင်တောမြို့၊ တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေအပါအဝင် လက်ကျန်မြို့တွေ အားလုံးသိမ်းပိုက်နိုင်ရေး အတွက် စစ်ကောင်စီ ကို ထိုးစစ်ဆင်သွားမယ်လို့လည်း AA က ထုတ်ပြန်ပါတယ်။

ပုံစာ – (ကျိန္တလီမြို၊ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတွေရဲ့ မူလပိုင်ရှင်တွေဆီကို အေအေ က ပြန်ပေးနေပုံနဲ့ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် ဒေသခံတွေရဲ့ ရွှေ၊ငွေ အဖိုးတန်ပစ္စည်းများ)

Photo- AA Info Desk

ဆက်စပ် သတင်းများ

Most read