Homeပြည်တွင်းသတင်းလားရှိုးမြို့ကို စကစ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံတွေ မြို့တွင်းပြန်ဝင်မှု လျော့ကျ

လားရှိုးမြို့ကို စကစ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒေသခံတွေ မြို့တွင်းပြန်ဝင်မှု လျော့ကျ

၁ စက်တင်ဘာ၊ ၂၀၂၄

လားရှိုးမြို့ကို ဩဂုတ် ၃၀ ရက် ညပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် လားရှိုးမြို့ဒေသခံတွေ မြို့တွင်း ပြန်ဝင်လာတဲ့အရေအတွက် လျော့ကျသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီ တပ်တွေက လားရှိုးမြို့ကို ဗုံး နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးဒဏ်ကြောင့် ရပ်ကွက် ၉ က အမှတ် ၈ အထက်တန်းကျောင်းနဲ့ ကျောင်းနားတဝိုက်က လူနေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ လူသေဆုံးမှုမရှိပေမဲ့ ဒေသခံတွေအနေနဲ့ ထိတ်လန့်မှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို တွက်ချက်ရဦးမှာဖြတ်တယ်လို့ MNDAA က ဆိုပါတယ်။

လားရှိုးမြို့မှာ လူနေရပ်ကွက်၊ ဈေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပုံမှန်လည်ပတ်ဖို့ ဒေသခံတွေက ကြိုးစားနေကြပြီး အခုလို ဗုံးကြဲလိုက်တာကြောင့် ဒေသခံတွေ ပြန်ဝင်တာ လျော့ကျသွားနိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ဖုန်းလိုင်းတွေလည်း မရသေးဘူး၊ အင်တာနက်ဝိုင်ဖိုင်က တချို့နေရာတွေပဲ ရသေးတယ်။ တချို့တွေလည်း မြို့ပေါ်ကို ပြန်လာပြီး ကိုယ့်အိမ်ကိုယ်နေချင်တာ တနေ့ညက ဗုံးကြဲတယ်ဆိုတဲ့သတင်းကြောင့် မနေ့က မြို့တွင်း ပြန်ဝင်တာတွေ နည်းသွားတယ်။ ဒီမနက်လည်း ကားတွေ ပါးတယ်။ အနီးအနားရွာတွေ စစ်ရှောင်တာလောက်ပဲ ပြန်လာကြတယ်။ မြို့ကြီးတွေကို ပြောင်းသွားသူတွေကတော့ ပြန်မလာလောက်သေးဘူး”လို့ လားရှိုးမြို့က ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

လားရှိုးမြို့ပေါ်မှာ mytel နဲ့ ကမ်းရိုးတမ်းcdma 450 mhz ဖုန်းလိုင်းတွေ သုံးလို့ရနေပြီး MPT လိုင်းတွေက ရလိုက်မရလိုက်ဖြစ်နေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လမ်းပေါ်မှာတော့ သန့်ရှင်းရေးလုပ်တဲ့နေရာတွေမှာသန့်ရှင်းနေပြီး အိမ်ပိုင်ရှင်မရှိသေးတဲ့အိမ်တွေကို ဖောက်ထွင်းမှုတွေ ဆက်ပြီး ဖြစ်နေသေးတယ်လို့ ဆိုပါတယ်။

တရုတ်၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းကလို့ ရေးထားပြီး အပစ်အခတ်ရပ်ဖို့ TNLA ကို ခြိမ်းခြောက်ထားတဲ့ စာထွက်ပေါ်ပြီးနောက် စစ်ကောင်စီက လားရှိုးမြို့ကို ညပိုင်း အရပ်သား ပြည်သူတွေ အိပ်ချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read