Homeပြည်တွင်းသတင်းလားရှိးမြို့နယ်က CDM ဝန်ထမ်းတွေကို MNDAA စာရင်းကောက်

လားရှိးမြို့နယ်က CDM ဝန်ထမ်းတွေကို MNDAA စာရင်းကောက်

၁၃ ဩဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီ အာဏာသိမ်းပြီး CDMလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို MNDAA လက်အောက်မှာ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ ဩဂုတ်လ ၁၁ ရက်က စပြီး စာရင်း ကောက်ယူနေတယ်လို့ သိရပါတယ်။

ကိုးကန့်တပ်မတော် (MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့မှာ ပြန်လည်ထူထောင်ရေးနဲ့ အုပ်ချုပ်ရေး ယန္တရား တွေကို တည်ဆောက်သွားမယ်လို့ ဩဂုတ်လဆန်းက ကြေညာထားပါတယ်။

CDM ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်ပြန်ဝင်ရမယ့် အစီအစဉ်အသေးစိတ် မသိရသေးပေမယ့် Data တွေ ကောက်ယူသွားတယ်လို့ သိရပါတယ်။

အမည်၊ အသက် ၊ ဌာန နဲ့ ဘယ်တုန်းက စပြီး CDM ဝင်တာလဲ ၊ တကယ်လို့ ကိုးကန့်တပ်အောက်မှာ ပြန်ပြီး တာဝန်ထမ်းဆောင်နိုင်မယ်ဆိုရင် အဆင်ပြေမလား စတဲ့မေးခွန်းတွေ မေးသွားတယ်လို့ သိရပါတယ်။

အာဏာမသိမ်းမီက အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ခဲ့တဲ့ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ဆက်သွယ်ပြီး ကိုးကန့်တပ်က အုပ်ချုပ်ရေးတာဝန်တွေ ပေးနေပါတယ်။

တိုက်ပွဲတွေ မရှိတော့တဲ့ လားရှိုးမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်း တွေနဲ့ အဆောက်အအုံ အပျက်အစီးတွေကို MNDAA ၊ လားရှိုးထောင်ကလွတ်မြောက်လာတဲ့ အမျိုးသား အကျဉ်းသားတွေနဲ့ တပိုင်တနိုင် ပရဟိတအသင်းတွေက သန့်ရှင်းရေးလုပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ စာရင်းသွင်းထားတဲ့ CDM ဝန်ထမ်း လေးသိန်းကျော် ရှိပါတယ်။

Photo- FYO

ပုံစာ(လားရှိုးမြို့အတွင်း ပရဟိတအသင်းတစ်ဖွဲ့ သန့်ရှင်းရေးလုပ်နေပုံ)

ဆက်စပ် သတင်းများ

Most read