Homeပြည်တွင်းသတင်းမြန်မာသတင်းသမားတွေ အဆိုးရွားဆုံး ဖိနှိပ်ခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) ပြော

မြန်မာသတင်းသမားတွေ အဆိုးရွားဆုံး ဖိနှိပ်ခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) ပြော

၅ ဩဂုတ်၊၂၀၂၄

စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း မြန်မာသတင်းသမားတွေ အဆိုးရွားဆုံး ဖိနှိပ်ခံနေရတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး IMJA ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) ရုံးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က ဦးဆောင်ပြီး မြန်မာသတင်းသမား တွေကြုံတွေ့ နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲမှာ (IMJA) အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်ကျော်မင်း အခုလို ပြောဆိုခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံက သတင်းထောက်တွေ ကြုံတွေ့နေရတဲ့ အခြေအနေဟာ နိုင်ငံတကာက သတင်းထောက် တွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့နှိုင်းယှဉ်ရင် အဆိုးဆုံး အခြေအနေမှာ ရှိနေကြောင်းနဲ့ မီဒီယာလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတာနဲ့အပြင် သတင်းထောက်တွေအပေါ်မှာ အကြမ်းဖက်ခံရမှုကလည်း စံချိန်တင် အမြင့်ဆုံး ရောက်နေတယ်လို့ IMJA အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်ကျော်မင်း ကပြောပါတယ်။

မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က အာဏာသိမ်း သုံးနှစ်ကျော်အတွင်း သတင်းသမားတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ သတင်းပေးပို့မှုကြောင့် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ထောင်ချခံခဲ့ရတဲ့ သတင်းသမားတွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ဖော်ပြထားသလို စစ်အာဏာသိမ်းလိုက်ပြီးနောက် သတင်း သမား တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ပြည်တွင်းမှာ သတင်းသမားအလုပ်ကို မလုပ်နိုင်တော့ဘဲ ပြည်ပ နိုင်ငံတွေကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

သတင်းသမားတွေဟာ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော၊ တရားမဝင်ပါ နေထိုင်နေကြရတာလို့လည်း အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ ဒုတိယမြောက် အဆိုးရွားဆုံးနိုင်ငံ ဖြစ်တယ်လို့ သတင်းသမားများကာကွယ်ရေးကော်မတီ (CPJ) ကလည်း မတ်လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် အဆိုး ရွား ဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဆက်လက်ပါဝင်နေပါတယ်။

မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းချိန်ကစလို့ သတင်းသမား ၁၇၆ ဦး မတရား ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ငါးဦးက အသက်ဆုံးရှုံးခဲ့ရပါ တယ်။ အာဏာသိမ်းပြီးနောက် သတင်းသမား ၅၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

Related News

Most Read