ဩဂုတ် ၂၆၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ အထူးသဖြင့် လူနည်းစုအသိုင်းအဝိုင်းတွေအတွက် အဆိုးဆုံးအဆင့်သစ်တစ်ခုကို ရောက်ရှိသွားပြီ လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
အစီရင်ခံစာအရ စစ်အုပ်စုက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ နေရပ်စွန့်ခွာစေမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို တားဆီးတာတွေ ဆက်လက်လုပ်ဆောင်နေသလို ရခိုင်ပြည်နယ်မှာတော့ စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးက ရိုဟင်ဂျာတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ ကုလက ဆိုပါတယ်။
ကုလက အတည်ပြုနိုင်ခဲ့တဲ့ စာရင်းတွေအရ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုကြောင့် အရပ်သား ၈,၀၇၅ ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေး ၁,၀၇၄ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာပဲ အနည်းဆုံး ၁,၂၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တခြား အများပြည်သူရရှိနိုင်တဲ့ မှတ်တမ်းတွေအရတော့ စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးသူ ၁၅,၇၃၁ ဦးအထိ ရှိနိုင်တယ်လို့ အစီရင်ခံစာက သတိပေးထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ပြီးခဲ့တဲ့ ရက် ၁၀၀ ကို “ငြိမ်းချမ်းရေးအတွက်” အာရုံစိုက်မယ့်ကာလလို့ ပြောထားပေမယ့် အဲဒီကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၁၄၆ ဦး သေဆုံးခဲ့တယ် လို့ OHCHR မြန်မာအဖွဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒီဟေဗာ (James Rodehaver) က ပြောပါတယ်။
ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ အရေအတွက်ဟာ ၃ ဒသမ ၆ သန်း အထိ မြင့်တက်လာပြီး လူပေါင်း ၁၂ ဒသမ ၄ သန်း က ပြင်းထန်တဲ့ အစာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးငယ်နဲ့ မိခင် စုစုပေါင်း ၄ သိန်းခန့်ကလည်း အာဟာရချို့တဲ့မှု ခံစားနေရတယ်လို့ ကုလက ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ AA က ရိုဟင်ဂျာတွေကို မတရားဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ လိင်ပိုင်းနဲ့ ကျားမအခြေပြုအကြမ်းဖက်တာ၊ အတင်းအကျပ် အလုပ်ခိုင်းတာ၊ လူသစ်စုဆောင်းတာ၊ မြေယာနဲ့ အိမ်ခြံမြေတွေ သိမ်းယူတာနဲ့ ကျေးရွာ၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုအဆောက်အအုံတွေ ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ OHCHR က စွပ်စွဲထားပါတယ်။
ကလေးတွေကိုပါ အတင်းအကျပ် အလုပ်ခိုင်းတာတွေ ရှိပြီး အသက် ၆ နှစ်အရွယ်အထိ ကလေးတွေကို တောရှင်းတာ၊ အဆောက်အအုံဆောက်တာနဲ့ အလုပ်ကြမ်းခိုင်းတာတွေ ရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ကုလက ဖော်ပြပါတယ်။ အမှုတစ်ခုမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူတွေရဲ့ အရိုးနဲ့ ဦးခေါင်းခွံတွေကို ကလေးတစ်ဦးကို အတင်းအကျပ် ရှင်းလင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
OHCHR က အစီရင်ခံစာပြုစုရာမှာ စစ်အုပ်စုနဲ့ AA နှစ်ဖက်စလုံးကို တုံ့ပြန်ချက်တောင်းခံခဲ့ပေမယ့် နှစ်ဖက်စလုံးက ပြန်လည်ဖြေကြားတာ မရှိခဲ့ဘူး လို့ ဆိုပါတယ်။
လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာစေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ မြန်မာနိုင်ငံအတွင်း တရားမဝင် သယံဇာတတူးဖော်မှုနဲ့ ရာဇဝတ်စီးပွားရေးတွေ ကြီးထွားလာတာ ဖြစ်တယ်လို့ ကုလက ထောက်ပြပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်က မြေရှားသတ္တု တူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုနဲ့ ပဋိပက္ခအဖွဲ့တွေအတွက် ငွေကြေးရရှိစေတာတို့နဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေအရ ကချင်ပြည်နယ်မှာ ၂၀၂၁ နောက်ပိုင်း မြေရှားသတ္တုတူးဖော်ရာနေရာ အသစ် ၃၀၂ ခု ထပ်ပေါ်လာပြီး ၁၄၉ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သတ္တုတူးဖော်ရာက ထွက်လာတဲ့ ဓာတုပစ္စည်းနဲ့ လေးလံသတ္တုတွေကြောင့် ရေထုညစ်ညမ်းပြီး ကိုယ်ဝန်ပျက်ကျမှုနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးပြဿနာတွေပါ တိုးလာတယ်လို့ ကုလက ဖော်ပြပါတယ်။
ကုလလူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Türk) က မြန်မာနိုင်ငံအနှံ့ ကြုံတွေ့နေရတဲ့ ဒုက္ခ၊ ရက်စက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေဟာ အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ပြောပြီး နိုင်ငံတွေ၊ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းထားပါတယ်။

