ဩဂုတ် ၂၃၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံသား သင်္ဘောသား ၃ ဦးအပါအဝင် သင်္ဘောသား ၂၄ ဦး လိုက်ပါလာတဲ့ Ocean Winner ကုန်တင်သင်္ဘောဟာ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းလွန် ဘင်္ဂလားပင်လယ်အော်မှာ နစ်မြုပ်သွားပြီး လက်ရှိအချိန်အထိ သင်္ဘောသား ၂ ဦးကို ကယ်ဆယ်ထားနိုင်ပေမယ့် ၂၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ပနားမားနိုင်ငံအလံလွှင့်တင်ထားတဲ့ Ocean Winner သင်္ဘောပေါ်မှာ တရုတ်နိုင်ငံသား ၂၀ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး လိုက်ပါလာတယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Commandant Amit Uniyal က ပြောပါတယ်။
သင်္ဘောဟာ အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်က Paradip ဆိပ်ကမ်း ကနေ ဩဂုတ် ၂၀ ရက်မှာ စင်ကာပူကို ဦးတည်ထွက်ခွာခဲ့ပြီး သံရိုင်းတွေ တင်ဆောင်လာတာ ဖြစ်ပါတယ်။ Paradip ဆိပ်ကမ်းကနေ ရေမိုင် ၂၄၀ ခန့်အကွာမှာ သင်္ဘော နစ်မြုပ်ခဲ့တာဖြစ်ပြီး မနစ်မြုပ်ခင် ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တယ်လို့ အိန္ဒိယဘက်က ဆိုပါတယ်။
အိန္ဒိယ ရေကြောင်းကယ်ဆယ်ရေးညှိနှိုင်းဌာနက သင်္ဘောနဲ့ အဆက်အသွယ်ပြတ်တောက်ကြောင်း သတင်းရရှိပြီးနောက် အနီးအနားမှာ ရှိနေတဲ့ ကုန်သွယ်သင်္ဘောတစ်စီးကို ရှာဖွေကယ်ဆယ်ရေးအတွက် လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ အဲဒီနောက် ဩဂုတ် ၂၂ ရက် ညပိုင်းမှာ အသက်ကယ်ဖောင်နှစ်စင်းပေါ်က သင်္ဘောသား ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကယ်ဆယ်ရရှိထားတဲ့ သင်္ဘောသား ၂ ဦးဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာကို ဒီသတင်းရေးသားချိန်အထိ အိန္ဒိယအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရသေးတာကြောင့် မြန်မာသင်္ဘောသား ၃ ဦးရဲ့ အခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ အိန္ဒိယကမ်းခြေစောင့်တပ်နဲ့ ရေတပ်တို့ ပူးပေါင်းပြီး ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၂၂ ဦးကို ဆက်လက်ရှာဖွေနေပါတယ်။ ကမ်းခြေစောင့်တပ်ရဲ့ ICGS Varad၊ ICGS Anmol နဲ့ ICGS Vijit သင်္ဘောတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။
Ocean Winner ဟာ အရှည် ၂၂၅ မီတာရှိတဲ့ bulk carrier ကုန်တင်သင်္ဘောတစ်စင်းဖြစ်ပြီး စင်ကာပူကို သွားနေစဉ် ပင်လယ်ပြင်မှာ ဆက်သွယ်ရေးပြတ်တောက်ပြီးနောက် နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
သင်္ဘော ဘာကြောင့်နစ်မြုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ အခုချိန်အထိ မသိရသေးဘဲ စုံစမ်းစစ်ဆေးရဦးမယ်လို့ အိန္ဒိယကမ်းခြေစောင့်တပ်က ပြောပါတယ်။

