Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို ဒဏ်ခတ်အရေးယူဖို့ JFM တောင်းဆို

စစ်ကောင်စီရဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို ဒဏ်ခတ်အရေးယူဖို့ JFM တောင်းဆို

၁၉ ဇူလိုင်၊ ၂၀၂၄

အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME2) ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ အငြိမ်းစားဒုဗိုလ်မှူးကြီးနိုင်မျိုးဟန်ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar က ဇူလိုင် ၁၉ ရက်မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ နိုင်မျိုးဟန်ဟာ ME2 ထုတ်လုပ်ရေးဌာနရဲ့ အထွေထွေမန်နေဂျာအဖြစ်ကနေ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးခန့်အပ်ခံထားရတာ ဖြစ်ပြီး DSA အပတ်စဉ် ၃၇ ကျောင်းဆင်းတစ်ယောက် ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်မှာ ရှိနေတဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME2)ဟာ အရေးပါတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပြီး သံဖြူ-အဖြိုက်နက်၊ ရူဘီဒီယမ်၊ တန်တလမ်-နီအိုဘီယမ်၊ လီသီယမ်၊ တိုက်တေနီယမ်၊ ဟက်ဖ်နီယမ်၊ ဗန်နေဒီယမ်၊ အင်ဒီယမ်၊ ဘစ်မတ်၊ ရွှေ၊ မိုလစ်ဘ်ဒင်နမ်၊ ရွှေဖြူ၊ မြေရှားသတ္တုဒြပ်စင်များ၊ ရေဒီယိုသတ္တိကြွသတ္တုများနဲ့ အကြီးစားသတ္တုများ အပါအဝင် တွင်းထွက်ပစ္စည်းနဲ့ ဓာတ်သတ္တုများ ထုတ်လုပ်မှုကို အဓိကတာဝန်ယူ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ မြန်မာ့ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးတွင် အရေးပါတဲ့နေရာမှာ ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ME2 ရဲ့ ရှယ်ယာတွေကို စစ်ကောင်စီက တရားမဝင်ရယူ ထိန်းချုပ်ထားပြီး အကြမ်းဖက်မှုနဲ့ စစ်ရာဇဝတ်မှုတွေရဲ့ အထောက်အပံ့ဖြစ်နေပါတယ်။ ME2 ကို အမေရိကန်ပြည်ထောင်စု ၊ ယူကေ ၊ အီးယူနဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) က မကြာသေးမီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ME2 နဲ့ သက်ဆိုင်သည့် အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ သံဖြူ (သန့်စင်ပြီး) ၂၁၃ မက်ထရစ်တန်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီပမာဏဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၁၉၃ မက်ထရစ်တန်ထုတ်လုပ်ခဲ့မှုထက် ၁၀% နီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။

ME2ရဲ့ ဖက်စပ်လုပ်ငန်းတွေက ရွှေထုတ်လုပ်မှုက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၉,၈၄၀ ထရွန်အောင်စ နဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ၆,၃၇၅ ထရွန်အောင်စ ရှိခဲ့ပြီး ရရှိတဲ့ တန်ဖိုးကို ဖော်ပြမထားပါ။ နောက်ဆုံးရရှိထားတဲ့ မြန်မာနိုင်ငံသယံဇာတတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းတွေက အစီရင်ခံစာ အချက်အလက်တွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ME2 က ကောက်ခံရရှိတဲ့ ရွှေရောင်းချရငွေမှာ ၇,၁၉၂ တီကယ် (၃,၇၉၂ ထရိုင်အောင်စ နှင့်ညီမျှသည့်) အတွက် ကျပ်ငွေ ၆.၆ ဘီလီယံရှိတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

ME2 ဟာရွှေရောင်းချမှုက အခွန်ငွေအဖြစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၈.၀၃ ဘီလီယံ နဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅.၄၃၇၉ ဘီလီယံ ရရှိခဲ့ပါတယ်။ အာဏာသိမ်းကြိုးပမ်းမှုနောက် ထုတ်လုပ်မှု တိုးမြင့်လာတဲ့အတွက် ME2 က စစ်အုပ်စုအတွက် ရွှေထုတ်လုပ်မှုတစ်ခုတည်းကနေ ဒေါ်လာသန်းပေါင်းများစွာ အခွန်ငွေရရှိနေတာ ဖြစ်ပါတယ်။

စစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးအခွန်ဝင်ငွေများကို ကြီးကြပ်လုပ်ကိုင်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးနိုင်မျိုးဟန်ဟာ စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့့ ရာဇဝတ်မှုတွေကို အားပေးကူညီပေးဖို့ သူ့ရဲ့ဘဏ္ဍာရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ နိုင်မျိုးဟန်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေက အကျိုးအမြတ်ရရှိနေမှုကို ခွင့်ပြုမထားဘဲ ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ပြီး၊ အရေးယူတာဝန်ခံစေရမယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ် သတင်းများ

Most read