ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက စစ်ဘေးရှောင်ကလေးနဲ့ လူငယ်တွေအတွက် အရေးပေါ်ပညာရေးအစီအစဉ်တွေ ထောက်ပံ့ဖို့ ဩစတြေးလျနိုင်ငံက ကက်သလစ်အလှူရှင်အဖွဲ့တစ်ခုက ဩစတြေးလျဒေါ်လာ ၁၀၀,၀၀၀ စုဆောင်းရရှိခဲ့တယ်လို့ Radio Veritas Asia က ဖော်ပြပါတယ်။
Pilgrims 100 လို့ အမည်ပေးထားတဲ့ အဖွဲ့ဟာ အဖွဲ့ဝင် ၁၀၀ ပြည့်မြောက်တာနဲ့အတူ မြန်မာနိုင်ငံက နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် Jesuit Mission Australia က ဆောင်ရွက်နေတဲ့ ပညာရေးအစီအစဉ်တွေကို ထောက်ပံ့ဖို့ အခုလို ရန်ပုံငွေ စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့ကို ဩစတြေးလျနိုင်ငံ၊ တောင်ပိုင်းဩစတြေးလျပြည်နယ် အက်ဒလိတ်မြို့၊ နော်ဝုဒ်ဒေသက St. Ignatius ဘုရားကျောင်းဝင်တွေက လွန်ခဲ့တဲ့ ၆ နှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အာရှဒေသက ရေရှည်ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ထောက်ပံ့ပေးနေပါတယ်။
အထိမ်းအမှတ်တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံက ဂျက်ဆူးအစ်သာသနာအဖွဲ့ရဲ့ အကြီးအကဲဟောင်းဖြစ်သူ ဩစတြေးလျနိုင်ငံသား ဘုန်းတော်ကြီး Mark Raper က မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေကို ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်ပွဲအတွင်း ကျရောက်နေပြီး ကမ္ဘာတဝန်းက တခြားစစ်ပွဲတွေအကြား မေ့လျော့ခံနေရသလို ပြည်သူတွေကလည်း မိမိတို့ကို မေ့ထားကြပြီလို့ ခံစားနေရတယ်လို့ ဘုန်းတော်ကြီး Mark Raper က ပြောပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်းကြောင့် ဂျက်ဆူးအစ်ဘုန်းတော်ကြီးငယ်တစ်ပါး ဒဏ်ရာရခဲ့တာ၊ ဗန်းမော်သာသနာပိုင်နယ်မြေက ဘုရားကျောင်းတစ်ခုကို စစ်တပ်က နှစ်ကြိမ် ဗုံးကြဲခဲ့တာနဲ့ လေဆိပ်ကို ဒရုန်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးတစ်ပါး ပိတ်မိခဲ့တာတို့ကိုလည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၄ သန်းနီးပါးရှိနေချိန် ပညာရေးဟာ အလွန်အရေးကြီးပြီး Pilgrims 100 ရဲ့ ထောက်ပံ့မှုက ခက်ခဲတဲ့အခြေအနေအတွင်း ကလေးနဲ့ လူငယ်တွေအတွက် အရေးပေါ်ပညာရေး ဆက်လက်ပေးနိုင်ဖို့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။
Pilgrims 100 အဖွဲ့ဝင်တစ်ဦးစီက တစ်နှစ်ကို ဩစတြေးလျဒေါ်လာ ၁,၀၀၀ ထည့်ဝင်ကြပြီး နှစ်စဉ်ထောက်ပံ့မယ့် စီမံကိန်းကို အဖွဲ့ဝင်တွေက မဲပေးရွေးချယ်တာဖြစ်ပါတယ်။
အဖွဲ့စတင်တည်ထောင်ချိန်ကနေ လက်ရှိအချိန်အထိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနဲ့ ဗီယက်နမ်နိုင်ငံတွေက Jesuit Mission Australia စီမံကိန်း ၉ ခုကို ထောက်ပံ့ပေးခဲ့ပြီး လူပေါင်း ၄၀,၀၀၀ ကျော် အကျိုးခံစားခဲ့ရတယ်လို့ သိရပါတယ်။

